နိုဝင်ဘာ ၁၄၊ ၂၀၂၀
M-Media
– ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး အချိန်က စကားပြောသွားလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပြီး ဒါဟာ အာဏာလွှဲပြောင်းရေးနဲ့ပတ်သက်ပြီး လေသံပျော့ပြောင်းလာတာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သမ္မရွေးကောက်ပွဲရဲ့ မဲတွေကို လက်ရှိအချိန်အထိ ဆက်လက်ရေတွက်နေပြီး ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန်က ထောက်ခံမဲ ၃၀၆ မဲ ရရှိထားတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ ဒါဟာ လိုအပ်တဲ့ မဲအရေအတွက် ၂၇၀ ထက် ပိုမိုများပြားနေတာပါ။
ဒေါ်နယ်ထရမ့်ကတော့ ၂၃၂ မဲသာ ရရှိထားပါတယ်။
ဒါဟာ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတာကြောင့် ဖြစ်တယ်လို့ ထရမ့်က စောစောပိုင်းမှာ စွပ်စွဲခဲ့ပြီး သူ့ရဲ့ မဲဆွယ်ရေးအဖွဲ့ကလည်း ပြည်နယ်တစ်ချို့က တရားရုံးတွေမှာ တရားဝင် တိုင်ကြားကန့်ကွက်တာတွေ ရှိပါတယ်။ ဒါပေမယ့် အထောက်အထားမပြည့်စုံတဲ့အတွက် ပယ်ချခံခဲ့ရပါတယ်။ ထရမ့်ဟာ သူရှုံးနိမ့်ကြောင်း တရားဝင် ဝန်ခံတာမျိုး မရှိသေးပါဘူး။
မနေ့က ကိုဗစ်ကပ်ရောဂါအတွက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က လာမယ့် ဇန်နဝါရီလအတွင်း ရာထူးက ဆင်းပေမယ်ဆိုတဲ့ အရိပ်အမြွက်စကားတွေ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့အစိုးရကတော့ တစ်နိုင်ငံလုံးကို လော့ဒေါင်းချမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အနာဂတ်မှာ ဘယ်ဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ ဘယ်အစိုးရတက်မလဲဆိုတာလဲ မပြောနိုင်ပါဘူး။ အချိန်က စကားပြောသွားပါလိမ့်မယ်”
ရွေးကောက်ခံထားရတဲ့ သမ္မတ ဂျိုးဘိုင်ဒန်က သူတို့အဖွဲ့ဟာ အာဏာရတဲ့အခါ ဦးစားပေးဆောင်ရွက်မယ့် ဥပဒေရေးရာကိစ္စတွေ၊ ဖက်ဒရယ်အစိုးရ ပေါ်လစီတွေကို ဆွေးနွေးနေပြီး ထောင်သောင်းချီတဲ့ အလုပ်အကိုင်နေရာတွေ ဖန်တီးပေးဖို့လည်း စီစဉ်နေတယ်လို့ ပြောကြားထားပါတယ်။
Ref: Reuters
Comments