နိုဝင်ဘာ ၁၅၊ ၂၀၂၀
M-Media
-အိမ်နီးချင်း အဇာဘိုင်ဂျန်နဲ့ဖြစ်တဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး မကျေနပ်တာကြောင့် ဝန်ကြီးချုပ် နီကိုလ် ပါရှင်ယန်ကို လုပ်ကြံကာ အာဏာသိမ်းဖို့ ကြိုးစားမှုကို တားဆီးနိုင်ခဲ့တယ်လို့ အာမေးနီးယားနိုင်ငံက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ Nagorno-Karabakh ဒေသအတွက် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့အကြား ၆ ပတ်ကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုတစ်ပတ်အစောပိုင်းမှာ စစ်ရပ်ဆဲရေးသဘောတူညီချက် ရခဲ့ပါတယ်။
သဘောတူညီချက်အရ အငြင်းပွားဒေသမှာ အဇာဘိုင်ဂျန်က သိမ်းပိုက်ထားတဲ့ ဒေသတစ်ချို့ကို အာမေးနီးယားက လွှဲပြောင်းပေးရမှာပါ။ ဒီကိစ္စကို မကျေနပ်တာကြောင့် အဇာဘိုင်ဂျန် ပြည်သူတွေဟာ အင်္ဂါနေ့ကစတင်ကာ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အာမေနီးယား နိုင်ငံတော်လုံခြုံရေးအဖွဲ့ NSS ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ အစိုးရ တာဝန်ရှိသူဟောင်းတွေ ဦးဆောင်ပြီး ဝန်ကြီးချုပ်ကို လုပ်ကြံကာ အာဏာသိမ်းဖို့ ကြိုးစားမှုကို တားဆီးနိုင်ခဲ့ပြီး လွှတ်တော်ထဲက ရီပက်ဘလစ်ကန်ပါတီအဖွဲ့ အကြီးအကဲဟောင်းနဲ့ စစ်တပ်အကြီးအကဲတစ်ဦးကို ထိန်းသိမ်းထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
Nagorno-Karabakh ဒေသဟာ အဇာဘိုင်ဂျန် ပိုင်နက်ထဲမှာရှိပြီး အာမေးနီးယားလူမျိုးအများစု နေထိုင်တာပါ။ အဲဒီ အာမေးနီးယားလူမျိုးတွေဟာ ၁၉၉၀ ပြည့်နှစ်တွေကတည်းက ခွဲထွက်ဖို့ကြိုးစားခဲ့ပြီး အာမေးနီးယားနိုင်ငံရဲ့ အထောက်အပံ့နဲ့ ဒေသကို ထိန်းချုပ်ကာ ကိုယ်ပိုင် စီမံအုပ်ချုပ်ခဲ့ပါတယ်။
အာမေးနီးယားဝန်ကြီးချုပ် နီကိုလ် ပါရှင်ယန်က နယ်မြေထပ်မံဆုံးရှုံးနိုင်မှုကို တားဆီးဖို့အတွက် အဇာဘိုင်ဂျန်နဲ့ စစ်ရပ်ဆဲရေး သဘောတူညီချက် ယူရတာဖြစ်ပြီး ဒီနည်းလမ်းကလွဲလို့ တစ်ခြားရွေးစရာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
သဘောတူညီချက်အရ အငြင်းပွားဒေသမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့အတွက် ရုရှားက တပ်ဖွဲ့ဝင် ၂၀၀၀ ချထားဖို့လည်း ပါဝင်ပါတယ်။
Ref: Aljazeera
Comments