နိုဝင်ဘာ ၂၂၊ ၂၀၂၀
M-Media
-မလေးရှားနိုင်ငံ ဂျိုဟိုးမြို့ကနေ စင်ကာပူနိုင်ငံကို တိုက်ရိုက်ပြေးဆွဲမယ့် အမြန်ရထားလိုင်းသစ်ကို ဒီကနေ့ မလေးရှားနိုင်ငံမှာ စတင် အုတ်မြစ်ချခဲ့ပါတယ်။
‘ဘူကစ်ချာဂါဘူတာ’ လို့ အမည်တွင်လာမယ့် နေရာမှာ ပြုလုပ်တဲ့ အုတ်မြစ်ချပွဲအခမ်းအနားကို ဂျိုဟိုးပြည်နယ်စော်ဘွားနဲ့ အိမ်ရှေ့မင်းသား၊ မလေးရှား ပို့ဆောင်ရေးဝန်ကြီး ဝီကာဆွန်၊ ဂျိုဟိုးပြည်နယ်ဝန်ကြီး ဟက်စနီ မိုဟာမက်နဲ့ မလေးရှားအစိုး တာဝန်ရှိသူတွေ အွန်လိုင်းကနေတစ်ဆင့် တက်ရောက်ခဲ့ကြပါတယ်။
ရထားလိုင်းအတွက် လိုအပ်တဲ့အဆောက်အဦးတွေ ဆောက်လုပ်မှုဟာ ၄ နှစ်ကြာမြင့်မှာဖြစ်ပြီး၊ ရထားလမ်းနဲ့ ရထားတွဲတွေ တပ်ဆင်မှုကတော့ နောက်ထပ် ၂ နှစ် ကြာမြင့်မှာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရထားလိုင်းကို ပထမဆုံးပြေးဆွဲဖို့ စီစဉ်ထားပြီး တစ်နာရီကို လူတစ်သောင်းလောက်အထိ ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။
စင်ကာပူဒေါ်လာ ၃.၂၄ ဘီလီယံ ကုန်ကျမယ့် ဒီရထားလိုင်းကို ၂၀၂၄ ခုနှစ်မှာ ပြီးဆုံးဖို့ မူလက လျာထားခဲ့ပေမယ့် မလေးရှားရဲ့ မေတ္တာရပ်ခံမှုကြောင့် ခေတ္တရပ်ဆိုင်းထားရကာ အခုမှ ပြန်လည် စတင်နိုင်တာပါ။
ရထားလိုင်းဟာ ဂျိုးဟိုးမြို့ ဘူကစ်ချာဂါဘူတာကနေ စင်ကာပူက ဝုဒ်လန်းဘူတာကို ဆက်သွယ်မှာဖြစ်ပြီး ခရီးစဉ်အစကနေ အဆုံးအထိ ၅ မိနစ်သာ ကြာမြင့်မှာပါ။ လူများချိန်မှာ ရထားစောင့်ချိန် ၃ မိနစ်ခွဲ၊ လူနည်းချိန်မှာ ရထားစောင့်ချိန် ၆ မိနစ် ရှိမှာဖြစ်ကာ မနက် ၆ နာရီကနေ ည သန်းခေါင်ယံအထိ ပြေးဆွဲမှာ ဖြစ်ပါတယ်။
လက်မှတ်စျေးနှုန်းကို လက်ရှိမှာ မသတ်မှရသေးဘဲ မလေးရှား-စင်ကာပူ နယ်စပ်ကို လက်ရှိ ကားနဲ့ဖြတ်သန်းရာမှာ ကုန်ကျတဲ့ နှုန်းထားကို စံယူသတ်မှတ်သွားဖို့ရှိတယ်လို့ မလေးရှားအစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
Ref: CNA
Comments