ဒီဇင်ဘာ ၄၊ ၂၀၂၀
M-Media
-ကာကွယ်ဆေးတွေ ပေါ်လာပေမယ့် ကိုဗစ်နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကို ကမ္ဘာကြီးဟာ ဆယ်စုနှစ်ချီ ခံရလိမ့်မယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်ဇ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဟာ ပထမဆုံး အထွေထွေညီလာခံကို ကျင်းပတာပါ။ ဂူတာရက်ဇ်က ကာကွယ်ဆေးဖော်ထုတ်မှုမှာ သိပ္ပံဆိုင်ရာ တိုးတက်မှုတွေကို ချီးကျူးခဲ့ပေမယ့် ကာကွယ်ဆေးဟာ ရောဂါပျောက်ဆေးမဟုတ်ဘူးလို့ ဆိုပါတယ်။
“ကျွန်တော်တို့ ကိုယ့်ကိုယ်ကို မသိချင်ယောင် ဆောင်နေလို့ မရပါဘူး။ ကာကွယ်ဆေးဟာ နောက်နှစ်အနည်းငယ်အတွင်း ဖြစ်လာမယ့် ပျက်ဆီးဆုံးရှုံးမှုတွေကို ကာမိမှာ မဟုတ်ပါဘူး။ ဒါဟာ ၁၀ စုနှစ်ချီတောင် ကြာချင်ကြာနိုင်ပါတယ်။ ဆင်းရဲမွဲတွေမှု အလွန်အမင်း မြင့်လာတယ်။ ငတ်မွတ်ခေါင်းပါးမှုကလည်း တာဆူနေတယ်။ ကျွန်တော်တို့ဟာ နှစ်ပေါင်း ၈၀ အတွင်း အကြီးမားဆုံး စီးပွားရေးကျဆင်းမှုကို ရင်ဆိုင်နေရပါတယ်”
ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်း လူပေါင်း ၁.၅ သန်းလောက် သေဆုံးခဲ့ပြီး၊ လူတန်းစား မညီမျှမှု၊ ရာသီဥတုပြောင်းလဲမှုတွေလို ရေရှည်စိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့ရဖွယ် ရှိနေပါတယ်။
ကိုဗစ်ဆိုင်ရာ ကုလညီလာခံကို အွန်လိုင်းကနေ ၂ ရက်တာ ကျင်းပမှာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံအားလုံးပါဝင်မှာပါ။ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ ဂျပန်နဲ့ ဥရောပသမဂ္ဂက အကြီးအကဲတွေက မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။
အထွေထွေအတွင်းရေးမှူး ဂူတာရက်ဇ်က လာမယ့် ၂ လအတွင်း ကမ္ဘာကြီးဟာ ကန်ဒေါ်လာ ၄.၃ ဘီလီယံလောက် ဆုံးရှုံးမှာဖြစ်ပြီး ဒီအတွက် ကမ္ဘာ့နိုင်ငံတွေက ကူညီပံ့ပိုးကြဖို့ တိုက်တွန်းခဲ့ပြီး၊ ဆင်းရဲတဲ့နိုင်ငံတွေက လိုငွေပြမှုကို ကူညီဖြေရှင်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါ ကိစ္စမှာ ကုလသမဂ္ဂရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေကို ဂူတာရက်ဇ်က ကာကွယ်ပြောကြားခဲ့သလို၊ အထွေထွေညီလာခံ ဥက္ကဌ ဗော်လ်ကန် ဘွဇ်ကီရ်ကလည်း အခုအချိန် တစ်ယောက်နဲ့တစ်ယောက် လက်ညှိုးထိုး အပြစ်တင်ရမယ့် အချိန်မဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: Aljazeera
Comments