ဒီဇင်ဘာ ၃၊ ၂၀၂၀
M-Media
ကိုဗစ်ပျောက်ကင်းသူများ လနှင့်ချီ အဆုပ်အားနည်းနိုင်
ကိုဗစ်ကူးစက်ပျောက်ကင်းသွားသူတွေမှာ နောက်ထပ် ၃ လအထိ အဆုတ် အားနည်းနေတာ၊ ပုံမှန်အလုပ်မလုပ်တာတွေ ဖြစ်တတ်တယ်လို့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ လေ့လာမှုမှာ တွေ့ရပါတယ်။
ဒီလို အဆုပ်အားနည်းတာမျိုးကို သာမန်နည်းလမ်းနဲ့ စမ်းသပ်ရင် မတွေ့နိုင်ဘဲ MRI စကန်နဲ့ ဖတ်ကြည့်မှာသာ အဆုအတွင်း သွေးကောင်းကောင်း လှည့်ပတ်မှုမရှိတာကို တွေ့ရတာ ဖြစ်ပါတယ်။
ကိုဗစ်ပျောက်သွားတဲ့ လူနာတွေမှာ လအတော်ကြာတဲ့အထိ တွေ့ရတဲ့ အဆုတ်အားနည်းမှု လက္ခဏာတွေကတော့ အသက်ရှုမ၀တာ၊ မောပန်းတာတွေ ဖြစ်ပါတယ်။
အောက်စဖို့တက္ကသိုလ်ဟာ ကနဦးအနေနဲ့ လူ ၁၀ ဦးကို လေ့လာခဲ့တာဖြစ်ပြီး အခုရလဒ် ထွက်ပေါ်ပြီ နောက်မှာ နောက်ထပ် ကိုဗစ်ပျောက်သွားသူ လူ ၁၀၀ လောက်ကို ထပ်ပြီး လေ့လာဖို့ ရှိနေပါတယ်။
ကိုဗစ်နောက်ဆက်တွဲ အဆုအားနည်းမှုဟာ အသက် ၆၀ ကျော်အရွယ်တွေမှာ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ ဆိုးရွားနိုင်တယ်လို့ ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။
သတင်းအမှားကြောင့် ကိုဗစ်ကာကွယ်ဆေးကို ယုံကြည်မှုလျော့နိုင်
ကိုဗစ်ကာကွယ်ဆေး ဘေးအန္တရာယ်ကင်းမှုနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်က သတင်းမှားတွေကြောင့် လူတွေဟာ ကာကွယ်ဆေးကို ရှောင်ရှားတာတွေ ရှိလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။
၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိတဲ့ ကာကွယ်ဆေး အနည်းဆုံး ၂ မျိုးလောက် ပေါ်လာပြီး အဲဒီထဲကတစ်မျိုးကို ယူကေမှာ အခုတစ်ပတ်အတွင်း ပြည်သူတွေကို စပြီး ထိုးပေးတော့မှာပါ။
ပုံမှန်အားဖြင့် ၁၀ နှစ်လောက်ကြာနိုင်တဲ့ ကာကွယ်ဆေးထုတ်လုပ်မှုဟာ ၁၀ လလောက်အတွင်း အကောင်အထည်ပေါ်လာတဲ့အတွက် အန္တရာယ်ကင်းမှုနဲ့ပတ်သက်ပြီး သံသယတွေလည်း ရှိနေပါတယ်။
Facebook လို ဆိုရှယ်မီဒီယာတွေကတော့ ကိုဗစ်နဲ့ပတ်သက်တဲ့ သတင်းအမှားတွေကို ဖယ်ရှားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အကြွေးပေးရန်မေ့ခြင်းက အသိဉာဏ်ချို့ယွင်းမှုရောဂါ၏ လက္ခဏာဖြစ်နိုင်
အကြွေးဝယ်ကဒ်၊ ဒါမှမဟုတ် အရစ်ကျဝယ်ယူမှုတွေအတွက် ငွေပြန်ဆပ်ဖို့ မေ့နေတာဟာ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ(Dementia) ရဲ့ အစောဆုံး လက္ခဏာ ဖြစ်နိုင်တယ်ဆိုတာ အမေရိကန် ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်မှာ တွေ့ခဲ့ရပါတယ်။
ကိုယ့်ရဲ့ ဘဏ္ဍာရေးအခြေအနေ မမှတ်မိတော့တဲ့ ဒီလက္ခဏာဟာ Dementia ရောဂါရှိကြောင်း မသိခင် ၆ နှစ်လောက်၊ တစ်ချို့လူတွေမှာ ၂ နှစ်ခွဲလောက်အရင် ကြိုတွေ့ရလေ့ရှိပြီး ဒီအချက်ကြောင့် ပိုင်ဆိုင်မှုတွေ ဆုံးရှုံးတာ၊ စုဆောင်းထားတဲ့ငွေတွေ အလိမ်ခံရတာတွေ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက သတိပေးခဲ့ပါတယ်။
အမေရိကန်မှာ အသက် ၆၅ နှစ်နဲ့အထက် Dementia ရောဂါခံစားနေရသူ ၅.၈ သန်းလောက်ရှိပြီး ၂၀၅၀ ရောက်ရင် ၁၃.၈ သန်းလောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
Ref: BBC, CNN
Comments