ဒီဇင်ဘာ ၂၆၊ ၂၀၂၀
M-Media
-အမေရိကန်နိုင်ငံက အသက် ၂၉ နှစ်အရွယ် တီနာ ဂစ်ဘ်ဆင်ဆိုတဲ့ အမျိုးသမီးဟာ ၂၉ နှစ်ကြာ အေးခဲသိမ်းဆည်းထားတဲ့ သန္ဓေသားလောင်းကို အောင်မြင်စွာ ကိုယ်ဝန်ဆောင်မွေးဖွားနိုင်ခဲ့ပါတယ်။
အခုနှစ် ဖေဖော်ဝါရီလမှာ ဂစ်ဘ်ဆင်တစ်ယောက် အေးခဲသန္ဓေသားလောင်းကို ကိုယ်ဝန်ဆောင်ခဲ့ပြီး အောက်တိုဘာလမှာ ၆ ပေါင် ၃ အောင်စရှိတဲ့ သမီးငယ်လေးကို မွေးဖွားခဲ့ပါတယ်။ အဲဒီကလေးကို မိုလီလို့ အမည်ပေးထားပါတယ်။
ဂစ်ဘ်ဆင်တို့ ကိုယ်ဝန်ဆောင်မွေးဖွားခဲ့တဲ့ အေးခဲသန္ဓေသားလောင်းလေးဟာ ၁၉၉၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့ကတည်းက အေးခဲထားတာဖြစ်ပြီး နှစ်ပေါင်း ၂၇ နှစ် ရှိပါပြီ။ ဒါဟာ ကမ္ဘာပေါ်မှာ အချိန်အကြာဆုံး သိမ်းဆည်းကာ မွေးဖွားနိုင်ခဲ့တဲ့ အေးခဲသန္ဓေသားလောင်းအဖြစ် မှတ်တမ်းဝင်ပါတယ်။
၂၀၁၇ ခုနှစ်ကလည်း ဂစ်ဘ်ဆင်တို့ ဇနီးမောင်နှံဟာ ၂၄ နှစ်ကြာ အေးခဲထားတဲ့ သန္ဓေသားလောင်းကို ကိုယ်ဝန်ဆောင်မွေးဖွားခဲ့ပြီး အမ်မာလို့ အမည်ပေးခဲ့ပါတယ်။ အမ်မာနဲ့ မိုလီတို့ဟာ မျိုးရိုးဗီဇအရလည်း ညီအမတွေဖြစ်ပါတယ်။
အမေရိကန် အမျိုးသား သန္ဓေသားလောင်း လှူဒါန်းရေးစင်တာရဲ့ ဒါရိုက်တာ ဒေါက်တာ ဂျက်ဖရီ ကီနန်က မိုလီလေးကို အောင်မြင်စွာ မွေးဖွားလိုက်နိုင်တာဟာ သန္ဓေသားလောင်ကို အချိန်တစ်ခုအထိပဲ အေးခဲအသုံးပြုနိုင်တယ်ဆိုတဲ့ ကန့်သတ်ချက်မျိုး မရှိဘူးဆိုတာပြသလိုက်တာလို့ ပြောကြားခဲ့ပါတယ်။
“သန္ဓေသားလောင်းကို ဘယ်လောက်အချိန်ကြာကြာ ခဲထားနိုင်မလဲလို့ လူနာတွေ မကြာခဏ မေးကြတယ်။ အရင်ကဆို သေသေချာချာမသိဘူးလို့ ပြန်ဖြေရတယ်။ အခုတော့ ၂၇ နှစ် ခဲထားတဲ့ သန္ဓေသားလောင်းကနေ ကလေးမွေးနိုင်ပြီလို့ ယုံကြည်ချက်ရှိရှိ ပြောနိုင်ပါပြီ” လို့ Johns Hopkins Fertility Center က ဒေါက်တာ မင်ဒီ အက်စ် ခရစ္စတီယန်ဆန်က ပြောကြားခဲ့ပါတယ်။
သန္ဓေသားလောင်းကို အေးခဲပြီး ပြန်လည်သန္ဓေဆောင်စေတဲ့ကိစ္စမှာ အချိန်ကြာလာရင် အေးခဲသန္ဓေသားလောင်းရဲ့ အရည်အသွေး ကောင်းပါ့မလားဆိုတဲ့ ပြဿနာရှိနေတာပါ။
“အေးခဲ့တဲ့အချိန်က အရည်အသွေးကောင်းတဲ့ သန္ဓေသားလောင်းဆိုရင် ပြန်လည်အပူပေးတဲ့အချိန်မှာလည်း အရည်အသွေးကောင်းမှာပါ” လို့ ချီကာဂိုမြို့က သန္ဓေသားလောင်းဆိုင်ရာ ပညာရှင် ဒေါက်တာ ဆီဂဲလ် ကလစ်ပ်စတိုင်းက ပြောကြားခဲ့ပါတယ်။
Ref: New York Times
Comments