ဒီဇင်ဘာ ၉၊ ၂၀၂၀
M-Media
-ကိုဗစ်ကာကွယ်ဆေးကို ချမ်းသာတဲ့နိုင်ငံတွေက ကြိုဝယ်ထားတာကြောင့် ဆင်းရဲတဲ့နိုင်ငံတွေရဲ့ လူဦးရေ ၉၀ ရာခိုင်နှုန်းဟာ လာမယ့်နှစ်ကုန်အထိ ကာကွယ်ဆေး ရနိုင်ဖွယ်ရှိဘူးလို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ ပူးပေါင်းထားတဲ့ People’s Vaccine Alliance က ပြောကြားလိုက်ပါတယ်။
လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ ထိရောက်မှုရှိတယ်လို့ဆိုတဲ့ ကိုဗစ်ကာကွယ်ဆေး အနည်းဆုံး ၃ မျိုးလောက် ထွက်နေပြီး အဲဒီအထဲမှာ အမေရိကန်က Moderna ကုမ္ပဏီနဲ့ Pfizer-BioNTech ကုမ္ပဏီတို့က ထုတ်တဲ့ ဆေးတွေလည်း ပါဝင်ပါတယ်။
Pfizer-BioNTech ထုတ်ဆေးကိုတော့ ယူကေမှာ မနေ့က စတင်ထိုးနေပါပြီ။
ကမ္ဘာလူဦးရေရဲ့ ၁၄ ရာခိုင်နှုန်းရှိတဲ့ ချမ်းသာတဲ့နိုင်ငံတွေဟာ လက်ရှိ ကမ္ဘာပေါ်မှာရနိုင်တဲ့ ကာကွယ်ဆေးစုစုပေါင်း ၅၃ ရာခိုင်နှုန်းကို ဝယ်ယူထားပြီး၊ သူတို့မှာရှိတဲ့ လူဦးရေရဲ့ ၃ ဆလောက်အထိ ကာကွယ်ဆေး စုဆောင်းထားတာလို့ People’s Vaccine Alliance အဖွဲ့က ပြောပါတယ်။
ဒါ့ကြောင့် လာမယ့်နှစ်အတွင်း ဆင်းရဲတဲ့နိုင်ငံ ၆၇ နိုင်ငံက လူ ၁၀ ယောက်မှာ ပျမ်းမျှ ၁ ယောက်သာ ကာကွယ်ဆေးထိုးနှံခွင့်ရမယ်လို့ ဒီအဖွဲ့ကဆိုပြီး၊ ဒီနိုင်ငံတွေထဲမှာ ကင်ညာ၊ မြန်မာ၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်နဲ့ ယူကရိန်းတို့က ကိုဗစ်ကူးစက်သူအရေအတွက် ၁.၅ သန်းလောက် ရှိနေတာကိုလည်း ထောက်ပြခဲ့ပါတယ်။
ကိုဗစ်ကာကွယ်ဆေး ကြိုတင်ဝယ်ယူထားတဲ့ နိုင်ငံတွေထဲမှာ ဥရောပသမဂ္ဂ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျပန်၊ ဆွစ်ဇာလန်၊ ဩစတေးလျ၊ ဟောင်ကောင်၊ မက္ကာအို၊ နယူးဇီလန်၊ အစ္စရေးနဲ့ ကူဝိတ်နိုင်ငံတို့ ပါဝင်ပါတယ်။
“ကာကွယ်ဆေးတွေကို ဒီလို ကြိုတင်စုဆောင်းထားတာမျိုးဟာ လူတိုင်း၊ နေရာတိုင်းမှာ Covid-19 ကာကွယ်ရေး လုပ်ဆောင်နေတဲ့ ကမ္ဘာကြီးရဲ့ ကြိုးပမ်းအားထုတ်မှုကို ပျက်ဆီးစေပါတယ်။ ကာကွယ်ဆေးရရှိမှုကို ထိခိုက်စေနိုင်တဲ့ အပြုအမူကို ရှောင်းရှားခြင်းဆိုတဲ့ လူ့အခွင့်အရေး တာဝန်ကို နိုင်ငံကြီးတွေအနေနဲ့ စောင့်ထိန်းရမှာသာမက၊ လိုအပ်နေတဲ့တိုင်းပြည်တွေကို အကူအညီပေးရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်” လို့ လူ့အခွင့်အရေးအဖွဲ့ Amnesty International က တာဝန်ရှိသူ စတီဗ် ကော့ဘန်းက ပြောကြားခဲ့ပါတယ်။
ဆင်းရဲတဲ့နိုင်ငံတွေ ကာကွယ်ဆေးတန်းတူညီမျှ ရရှိရေးအတွက် ကမ္ဘာ့နိုင်ငံတွေနဲ့ ဆေးကုမ္ပဏီတွေက အလျင်အမြန် ဆောင်ရွက်ကြဖို့လည်း People’s Vaccine Alliance အဖွဲ့မှာ ပါဝင်တဲ့ Amnesty International နဲ့ Oxfam အဖွဲ့တို့က တိုက်တွန်းခဲ့ပါတယ်။
ကနေဒါဟာ နိုင်ငံအတွင်းရှိတဲ့ လူဦးရေထက် ၅ ဆလောက် ကိုဗစ်ကာကွယ်ဆေးကို ကြိုတင်မှာယူထားပြီး၊ တောင်ကိုရီးယားက လူဦးရေရဲ့ ၈၈ ရာခိုင်နှုန်းအတွက် မှာယူထားပါတယ်။
လူဦးရေ သန်း ၁၀၀ ကျော်ရှိတဲ့ ဖိလစ်ပိုင်လိုနိုင်ငံက လာမယ့်နှစ်အတွင်း ကာကွယ်ဆေးအလုံးရေ ၂.၆ သန်းသာ မှာယူထားနိုင်ပြီး ဒါဟာ လူ ၁.၃ သန်းကိုပဲ ထိုးပေးနိုင်မှာပါ။
Ref: Aljazeera
Comments