ဒီဇင်ဘာ ၂၁၊ ၂၀၂၀
M-Media
-မြို့တော် ဘဂ္ဂဒတ်မှာရှိတဲ့ အမေရိကန်သံရုံးဟာ မနေ့က ဒုံးကျည် ၈ လုံးနဲ့ တိုက်ခိုက်ခံလိုက်ရတယ်လို့ အီရတ်အစိုးရက ထုတ်ပြန်ပါတယ်။
နိုင်ငံတကာသံရုံးတွေရှိတဲ့ ဘဂ္ဂဒတ်က ရပ်ကွက်ကို အစိမ်းရောင်ဇုန်အဖြစ် အီရတ်အစိုးရက သတ်မှတ်ထားတာပါ။ မနေ့က တိုက်ခိုက်မှုကြောင့် အီရတ်လုံခြုံရေးအစောင့်တစ်ဦးဒဏ်ရာရခဲ့ကာ ကားအချို့နဲ့ အနီးအနားက လူမနေတဲ့ နေအိမ်အချို့ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ကြေငြာချက်မှာ တိုက်ခိုက်မှုဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဒုံးခွင်းစနစ် C-RAM ကို အသုံးပြုခဲ့ရကြောင်း၊ ဒီလိုတိုက်ခိုက်မှုမျိုး နောက်မဖြစ်အောင် တားဆီးဖို့နဲ့ တိုက်ခိုက်သူကို အရေးယူဖို့အတွက် အီရတ်အစိုးရနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုကြောင့် သံရုံးအဆောက်အဦး ပျက်ဆီးခဲ့တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။
အခုနှစ် ဇန်နဝါရီက အီရန်ဗိုလ်ချုပ် ကာစင်ဆိုလိုင်မာနီကို အမေရိကန်က အီရတ်မှာ လုပ်ကြံ သတ်ဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်း ဘဂ္ဂဒတ်က အမေရိကန်သံရုံးကို လက်နက်ကိုင်အဖွဲ့အချို့က ပစ်မှတ်ထားတိုက်ခိုက်မှု လုပ်လာတဲ့အတွက် အမေရိကန်ဟာ C-RAM ဒုံးခွင်းစနစ်ကို အခုနှစ်အစောပိုင်းမှာ တပ်ဆင်ခဲ့တာပါ။
ဆိုလိုင်မာနီ လုပ်ကြံမှု တစ်နှစ်ပြည့်မှာ လက်တုန့်ပြန်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် သံရုံးဝန်ထမ်းတစ်ချို့ကို အခုလအစောပိုင်းမှာ အမေရိကန်က ပြန်ခေါ်ခဲ့ပါတယ်။
ဘဂ္ဂဒတ်က အမေရိကန်သံရုံး အရင်က တိုက်ခိုက်ခံရမှုတွေမှာ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့ Kataib Hezbollah လုပ်တာလို့ သတင်းတွေထွက်ခဲ့ပြီး မနေ့က တိုက်ခိုက်မှုကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ ဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Ref: Aljazeera
Comments