ဒီဇင်ဘာ ၂၆၊ ၂၀၂၀
M-Media
-ဘာသာလူမျိုးပေါင်းစုံရှိတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက် အကြီးမားဆုံး စမ်းသပ်မှုတစ်ခုက အစိုးရဟာ လူများစုတွေနည်းတူ လူနည်းစုတွေအပေါ်မှာ သာတူညီမျှ ဆက်ဆံမလားဆိုတဲ့ ကိစ္စပါ။
နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေအတွက် တစ်ခဲနက် မဲပေးခဲ့ကြပါတယ်။ တစ်ချို့မဲဆန္ဒနယ်တွေမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ ရပ်ဆိုင်းခဲ့တာလို ချို့ယွင်းချက်မျိုး ရှိခဲ့ပေမယ့် ရွေးကောက်ပွဲတစ်ခုလုံးကို ခြုံကြည့်ရင် ပြည်သူလူထုရဲ့ဆန္ဒကို အပြည့်အ၀ ဖော်ကျူးနိုင်တယ်ဆိုတာ တွေ့ရမှာပါ။
ပြီးခဲ့တဲ့လ ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ကစပြီး ကျင်းပတဲ့ တတိယမြောက် ရွေးကောက်ပွဲ ဖြစ်သလို၊ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း အရပ်သားအစိုးရကကျင်းပတဲ့ ပထမဆုံး ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး မဲပေးသူအရေအတွက် ၇၀ ရာခိုင်နှုန်းကျော် ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်က ပမာဏနဲ့ အတူတူပါပဲ။ ဘယ်သူ့ကို အစိုးရအဖြစ် တင်မြှောက်မလဲဆိုတဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ စိတ်အားထက်သန်မှု ဆက်ရှိနေတုန်းပဲဆိုတာကို ဒါက ပြသနေပါတယ်။
ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပေမယ့် ရွေးကောက်ပွဲသက်သက်နဲ့ ဒီမိုကရေစီကို မတည်ဆောက်နိုင်ပါဘူး။ အခြေခံဥပဒေသစ် ပေါ်ထွက်တာ ၁၂ နှစ်ကျော်ကြာလာပြီး၊ ရွေးကောက်ပွဲ ၃ ကြိမ် ကျင်းပခဲ့ပေမယ့် စစ်တပ်ဟာ အစိုးရယန္တရားမှာ အာဏာကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေကြောင့် ပြည်နယ်၊ တိုင်းနဲ့ ပြည်ထောင်စုလွှတ်တော်တွေမှာ တပ်မတော်လို့ခေါ်တဲ့ စစ်တပ်က မိုးကျရွှေကိုယ် အမတ်တွေအတွက် အမတ်နေရာ ၄ ပုံ ၁ ပုံ ဖယ်ထားပေးရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေ ထိန်းချုပ်ခွင့်၊ ဒုတိယသမ္မတတစ်နေရာ ခန့်အပ်ခွင့်ကိုလည်း အခြေခံဥပဒေက စစ်တပ်ကို ပေးထားပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက ရွေးချယ်ခန့်အပ်တယ်လို့ ဆိုထားပေမယ့် လုပ်ငန်းစဉ်ကိုကြည့်ရင် အမည်ခံပဲဆိုတာ တွေ့ရပါတယ်။ တကယ်တော့ အဖွဲ့ဝင် ၁၁ ဦးပါတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်ကာ ရွေးချယ်၊ အတည်ပြု၊ ခန့်အပ်ရတာဖြစ်ပြီး အဲဒီအဖွဲ့ဝင် ၁၁ ဦးမှာ ၆ ဦးက စစ်တပ်ကလာတာ ဖြစ်ပါတယ်။
စနစ်အရ စစ်တပ်ဟာ သီးခြားအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အရပ်သားအစိုးရက အမည်ခံလောက်တောင် တာဝန်မခံရပါဘူး။ ဒါ့ကြောင့် ကျွမ်းကျင်သူတွေက မြန်မာနိုင်ငံမှာ စင်ပြိုင်အစိုးရနှစ်ရပ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။
စစ်တပ်ဟာ ခါးပိုက်ဆောင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကနေတစ်ဆင့် အရပ်သားအစိုးရကို သွယ်ဝိုက်ထိန်းချုပ်တာမျိုးလည်း ရှိခဲ့ပါတယ်။ USDP ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာတော့ အခြေအနေပြောင်းသွားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုအနိုင်ရပြီး အာဏာရခဲ့ပါတယ်။ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာလည်း ဒီအခြေအနေအတိုင်းပဲ ဆက်ဖြစ်ခဲ့ပါတယ်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ လွှတ်တော်အမတ်နေရာ ၈၀ ရာခိုင်နှုန်းလောက် အနိုင်ရခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကို ခန့်ခန့်ထည်ထည် ထိန်းချုပ်နိုင်ခဲ့ပြီး သမ္မတ တင်မြှောက်ခွင့်လည်း ရခဲ့ပါတယ်။ NLD ရဲ့ ဒီလို အပြတ်အသတ်အနိုင်ရမှုဟာ တစ်ချိန်က အင်အားကောင်းခဲ့တဲ့ USDP ကို ဘေးဖယ်လိုက်သလို ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အမတ်နေရာ ၄၁ နေရာရာခဲ့တဲ့ USDP ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ နေရာ ၃၀ သာ ရပါတယ်။
စာနယ်ဇင်းလွတ်လပ်ခွင့်ကနေ ရိုဟင်ဂျာတွေ၊ အခြား လူနည်းစု တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့ စစ်တပ်ရဲ့ ပေါ်လစီတွေအထိ ကိစ္စတော်တော်များများမှာ တပ်မတော်နဲ့ ပုလင်းတူဗူးဆို့ ဖြစ်လာပြီး ဒီမိုကရေစီ စံညွှန်းတွေကနေ ဖယ်ခွာသွားတဲ့အတွက် ကမ္ဘာတစ်ဝှမ်းက ဝေဖန်မှုတွေဒဏ်ကို ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ခံခဲ့ရပါတယ်။
လာမယ့်မတ်လ အစိုးရသစ်ဖွဲ့မယ့်အချိန်မှာ NLD က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်မယ်၊ လုပ်ကိုလုပ်ရလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို စစ်တပ်ထိန်းချုပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနအောက်ကနေ ဆွဲထုတ်ပြီး အရပ်ဖက် အုပ်ချုပ်ရေး ယန္တရားမှာ NLD က အဓိကအောင်ပွဲတစ်ခုကို ရယူထားပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးမှာ အဓိက စိန်ခေါ်မှုတစ်ခုက တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးကို ဖြေရှင်းပေးနိုင်မယ့် စစ်မှန်တဲ့ ဖက်ဒရယ်မူတစ်ခု ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ ပင်လုံညီလာခံဆိုတဲ့ လုငန်းစဉ်နဲ့ ဒီကိစ္စကို အကောင်အထည်ဖော်ထားပြီး မြန်မြန်ဆန်ဆန် အကောင်အထည်ပေါ်လာရင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဆယ်စုနှစ်ချီ လက်နက်ကိုင်တိုက်ခိုက်မှုကို အဆုံးသတ်ရာမှာ အထောက်အကူဖြစ်ပါလိမ့်မယ်။
အစိုးရက အရပ်သားခေါင်းဆောင်တွေဟာ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုဆိုင်ရာ ထိလွယ်ရှလွယ်ပြီး ရှုပ်ထွေးတဲ့ကိစ္စတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စစ်တပ်ရဲ့ သဘောထားတင်းမာတဲ့ ရပ်တည်ချက်တွေကို သံခင်းတမန်ခင်းနဲ့ အလိမ္မာသုံးပြီး ဖြေရှင်းရပါလိမ့်မယ်။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အရပ်သားခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးအတွက် အားလုံးလက်ခံတဲ့ နိုင်ငံရေးသဘောတူညီချက်တစ်ခု ရရှိရေးလုပ်ငန်းကို ဦးစားပေး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြင် ရှိနေတဲ့ နိုင်ငံရေးအင်အားကို အသုံးချပြီး NLD ဟာ တိုင်းရင်းသားတွေကို နေရာပေးရပါလိမ့်မယ်။ ပြည်နယ်အစိုးရတွေကို ခေါင်းဆောင်ခိုင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းအတာတစ်ခုအထိ ကျင့်သုံးခိုင်းတာမျိုးပါ။ NLD က အပြတ်အသတ်နိုင်ရတဲ့အတွက် ရွေးကောက်ပွဲမှာ ဘေးရောက်သွားပြီး အစိုးရအဖွဲ့မှာ ပါဝင်ရေး မျှော်လင့်ချက်မရှိတဲ့ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးကို NLD က ပြန်စဉ်းစားဖို့ လိုပါတယ်။
စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ကိုယ့်မင်းကိုယ့်ချင်းစစ်တပ်က အစိုးရအဖွဲ့မှာ ခြေကုပ်ယူထားမှုကို ဖယ်ရှားရေးတို့အတွက် အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ပြင်ဆင်လိုသူတွေအနေနဲ့ လွှတ်တော်မှာ အနည်းဆုံး ၇၅ ရာခိုင်နှုန်း ထောက်ခံမဲလိုအပ်သလို၊ ပြင်ဆင်လိုတဲ့အချက်ကိုလိုက်ပြီး ပြည်သူ့ဆန္ဒခံယူပွဲလုပ်ကာ အများစုထောက်ခံရမယ်ဆိုတဲ့ အချက်တွေလည်း ရှိပါသေးတယ်။
ဒီကိစ္စအတွက် အနာဂတ်မှာ USDP ကို အနိုင်ယူထားဖို့၊ စစ်တပ်ရဲ့ခြေကုပ်ယူမှု၊ အစိုးရမှာပါဝင်နေမှုကို တွန်းလှန်ဖို့ လိုအပ်ပြီး NLD က တိုင်းရင်းသားပါတီတွေနဲ့သာ ပူးပေါင်းရင် လွှတ်တော်မှာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ရနိုင်ပါတယ်။
နောက်ဆုံးတစ်ချက်က ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ သူတို့နေအိမ်၊ နေရာဒေသတွေကနေ ထွက်သွားအောင် စနစ်တကျ လုပ်ဆောင်နေမှုကို တက်လာမယ့်အစိုးရသစ်က ရပ်တန့်ရပါလိမ့်မယ်။ အခြားသော တိုင်းရင်းသားလူမျိုးစုတွေ ဒီလိုအခြေအနေ ကြုံတွေ့နေရတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း ဒါကို လုပ်ဆောင်ရမှာပါ။
ရာစုနှစ်များစွာ နေထိုင်ခဲ့တဲ့ ဇာတိမြေကနေ ရိုဟင်ဂျာတွေကို မောင်းထုတ်ရေးဟာ ၁၉၇၀ ပြည့်နှစ်တွေကတည်းက စတင်ခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး တိုင်းပြည်ကို ၁၉၆၂ ခုနှစ်ကတည်းက အကြောက်တရားနဲ့ ဖိနှိပ်အုပ်စိုးလာတဲ့ စစ်အာဏာရှင်စနစ်ရဲ့ အမွေဆိုးလည်း ဖြစ်ပါတယ်။
အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေအပေါ် ညှမ်းပမ်းနှိပ်စက်တာကို ထိုင်ကြည့်နေတာမျိုးကိုက စက်ဆုပ်ဖွယ်ရာကောင်းတယ်လို့ အနိမ့်ဆုံး ပြောလို့ရပါတယ်။ ဒီမိုကရေစီအလင်းရောင်သန်းလာတဲ့ အခုလိုအချိန်မျိုးမှာ ဒီအလင်းရောင်ကို မီးရှုးတန်ဆောင်ဖြစ်အောင် ထွန်းညှိကာ ရက်စက်ကြမ်းကြုတ်မှုတွေကို အဆုံးသတ်ရမယ့်ကိစ္စဟာ ရွေးကောက်ခံ အရပ်သားခေါင်းဆောင်တွေရဲ့ တာဝန်ဖြစ်ပါတယ်။
ဘာသာလူမျိုးပေါင်းစုံရှိတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက် အကြီးမားဆုံး စမ်းသပ်မှုတစ်ခုက အစိုးရဟာ လူများစုတွေနည်းတူ လူနည်းစုတွေအပေါ်မှာ သာတူညီမျှ ဆက်ဆံမလားဆိုတဲ့ ကိစ္စပါ။
အရင်က ဒီမိုကရေစီရဲ့ အမှတ်သညာဖြစ်ခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောက်ပါစကားတစ်ခွန်းကို တက်ကြွလှုပ်ရှားသူတွေက မကြာခဏ ကိုးကားပြောဆိုတတ်ပါတယ်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်မှုဟာ ဘ၀နဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်တာ ဖြစ်သလို၊ ကျွန်မတို့ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး လိုလားတောင့်တမှုတွေအတွက် တိုက်တဲ့ တိုက်ပွဲလည်း ဖြစ်ပါတယ်”
တိုင်းပြည်ကိုအုပ်ချုပ်ဖို့ ထပ်လောင်းတာဝန်ပေးခံရတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိမိကိုယ်ကို ပြန်အဖတ်ဆယ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ တရားမျှတမှု ပန်းတိုင်ဆီ ပြည်သူတွေကို ဦးဆောင်ခေါ်သွားနိုင်မယ့် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်မိကြောင်းပါ …..
Ref: The Diplomat
(The Diplomat တွင် ဖော်ပြထားသည့် Challenges to Democracy and Hopes for Peace and Justice in Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)
Comments