ဒီဇင်ဘာ ၂၉၊ ၂၀၂၀
M-Media
အာကာသအမှိုက်လျှော့ချရေး သစ်သားဂြိုဟ်တုများကို ဂျပန်ဖန်တီးမည်
အာကာသထဲအမှိုက်ပွမှု လျော့ချရေးအတွက် သစ်သားကိုယ်ထည်နဲ့ဂြိုဟ်တု ဖန်တီးရေး ဂျပန်ပညာရှင်တွေက လေ့လာနေပါတယ်။
ပြီးခဲ့တဲ့ နှစ် ၇၀ အတွင်း ဂြိုဟ်တုလွှတ်တင်မှုတွေ များလာတာကြောင့် အာကာသအမှိုက်တွေ များလာပြီး ဂြိုဟ်တုတွေနဲ့ ပွတ်တိုက် ထိခိုက်မှုအန္တရာယ်လည်း မြင့်တက်လာသလို၊ အကြွင်းအကျန်တွေ ကမ္ဘာမြေပေါ် ကျတဲ့အခါမှာလည်း အမှုန်အမွှားတွေက ကမ္ဘာ့လေထုအပေါ်ပိုင်းမှာ နှစ်ပေါင်းများစွာ ကျန်ရှိနေတတ်ပါတယ်။
ဂျပန် သဘာ၀ပတ်ဝန်းကျင်ကုမ္ပဏီ Sumitomo Forestry က မိမိတို့ဟာ Kyoto တက္ကသိုလ်နဲ့ ပူးပေါင်းပြီး အာကာသထဲမှာ သစ်သားအသုံးပြုနိုင်ရေး လေ့လာနေပြီး၂၀၂၃ ခုနှစ်မှာ သစ်သားကိုယ်ထည်နဲ့ ဂြိုဟ်တု ဖန်တီးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။
သစ်သားဂြိုဟ်တုတွေဟာ အာကာသထဲမှာ အလွယ်တကူ လောင်ကျွမ်းနိုင်ပြီး ကမ္ဘာကြီးရဲ့ သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်မယ့် အမှိုက်တွေလည်း လေထုထဲမှာ မကျန်နိုင်တော့ပါဘူး။
ယူကေရှိ အလှအပဆိုင်ရာ ခွဲစိပ်ဆေးရုံထံမှ ဟက်ကာများက ငွေညှစ်
ဟက်ကာတွေဟာ လူနာတွေရဲ့ ဓာတ်ပုံတွေကို ခိုးယူသွားပြီးနောက် အွန်လိုင်းပေါ်မှာ လွှင့်တင်မယ်လို့ ခြိမ်းခြောက်ကာ ငွေညှစ်နေတယ်လို့ ယူကေက ခန္ဓာကိုယ်ပြုပြင်ရေး ခွဲစိပ်ဆေးရုံ The Hospital Group က ထုတ်ပြန်ပါတယ်။
REvil လို့ အမည်ရတဲ့ ဟက်ကာအဖွဲ့က လူနာတွေရဲ့ မြင်မကောင်းတဲ့ပုံတွေနဲ့ အခြား အချက်အလက် ၉၀၀ ဂီဂါဘိုက်လောက် ရရှိထားတယ်လို့ အွန်လိုင်းမြေအောက်ကွန်ယက် (darknet) ဝဘ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
The Hospital Group ဟာ ယူကေက အလှအပနဲ့ ခန္ဓကိုယ် ပြုပြင်ခွဲစိပ်ရေးနယ်ပယ်မှာ နာမည်ကြီးပြီး ရင်သားပြုပြင်တာ၊ နှာခေါင်းခွဲစိပ်တာ၊ အဆီပို ခွဲစိပ်ဖယ်ရှားပေးတာလို ထိပ်တန်းခွဲစိပ်မှု ၁၁ မျိုးအထိ ဝန်ဆောင်မှုပေးပါတယ်။
ဒီဆေးရုံမှာ နယ်ပယ်အသီးသီးက နာမည်ကျော်တွေ လာရောက်ခွဲစိပ်ခဲ့တဲ့ သမိုင်းလည်း ရှိပါတယ်။ လူနာတွေရဲ့ဓာတ်ပုံ တော်တော်များများမှာ မျက်နှာတွေ မပါဝင်ဘဲ ဘဏ်ကဒ်အချက်အလက်တွေလည်း ပေါက်ကြားမှုမရှိဘူးလို့ ဆေးရုံက လူနာတွေဟောင်းတွေထံ အီးမေးလ်ပို့ခဲ့ပါတယ်။
ဟက်ကာတွေက ငွေဘယ်လောက်တောင်းလဲဆိုတာကိုတော့ မထုတ်ပြန်ပါဘူး။
တရုတ်နာမည်ကျော် ဂိမ်းကုမ္ပဏီ စီအီးအို အဆိပ်ခတ် လုပ်ကြံခံရ
နာမည်ကျော် တရုတ်ဂိမ်းထုတ်လုပ်ရေးကုမ္ပဏီ Yoozoo ရဲ့ စီအီးအို အသက် ၃၉ နှစ်အရွယ် လင်ကျီ သေဆုံးမှုဟာ အဆိပ်ခတ်သတ်ခံရတာဖြစ်တယ်လို့ ရှန်ဟိုင်းရဲတပ်ဖွဲ့က မနေ့မှာ ထုတ်ပြန်ပါတယ်။ လင်ကျီဟာ ခရစ္စမတ်နေ့မှာ သေဆုံးသွားခဲ့တာပါ။
‘ရှူ’ လို့အမည်ရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက အဆိပ်ခတ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပေမယ့် အသေးစိတ်ကို မပြောပါဘူး။
တရုတ်ပြည်တွင်း မီဒီယာတွေက လင်ကျီဟာ ရေနွေးကြမ်းထဲမှာ အဆိပ်ခတ်ခံခဲ့ရတာဖြစ်ပြီး၊ Yoozoo ရဲ့ ဗီဒီယိုထုတ်လုပ်ရေးဌာန အကြီးအကဲ ရှူယောင်က လုပ်တာ ဖြစ်နိုင်တယ်လို့ ဖော်ပြနေကြပါတယ်။
၂၀၀၉ ခုနှစ်က Yoozoo ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ လင်ကျီဟာ အသားတင်ကြွယ်၀မှု ဒေါ်လာ ၁.၃ ဘီလီယံရှိပါတယ်။ နာမည်ကျော် ဂိမ်းတစ်ခုဖြစ်တဲ့ Game of Thrones: Winter Is Coming ကို ဖန်တီးမှုအတွက် Yoozoo က ကမ္ဘာ့နည်းပညာလောကမှာ ကျော်ကြားပါတယ်။
Ref: BBC
Comments