ဒီဇင်ဘာ ၃၀၊ ၂၀၂၀
M-Media
-မကြာသေးခင်က အာမေးနီးယားကို စစ်နိုင်ခဲ့တဲ့ အဇာဘိုင်ဂျန်နဲ့ ဆော်ဒီအာရေဗျတို့ဟာ ကန်ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိမယ့် ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းတွေ ဖော်ဆောင်ဖို့ လက်မှတ်ရေးထိုးလိုက်ပါတယ်။
စွမ်းအင်စီမံကိန်း ၃ ခု ပါဝင်တဲ့ ဒီသဘောတူညီချက်က နှစ်နိုင်ငံအကြား သမိုင်းဝင် ပူးပေါင်းဆောင်ရွက်မှုလည်း ဖြစ်ပါတယ်။
အဇာဘိုင်ဂျန်ရဲ့ ပထမဆုံး လေစွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်းကို
ဆော်ဒီ ထိပ်တန်း စွမ်းအင်ကုမ္ပဏီ ACWA Power က ပြည်တွင်းကုမ္ပဏီတွေနဲ့ ပူးပေါင်း တည်ဆောက်ပေးမှာပါ။
အွန်လိုင်းကနေပြုလုပ်တဲ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ ဆော်ဒီ စွမ်းအင်ဝန်ကြီး မင်းသား အဘ်ဒူလ် အဇစ် ဘင် ဆလ်မန်က မိမိတို့ နှစ်နိုင်ငံအကြားက သံတမန်နဲ့ စီးပွားရေး ဆက်ဆံမှု ပိုမိုအားကောင်းတာကို ဒီသဘောတူညီချက်က ပြသနေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဆော်ဒီနဲ့ ပူးပေါင်းဆောင်ရွက်မယ့် လေအားလျှပ်စစ် စီမံကိန်းကို အဇာဘိုင်ဂျန်က အဘ်ရှီရွန် ကျွန်းဆွယ်နဲ့ ခီဇီပြည်နယ်တွေမှာ ဖော်ဆောင်မှာပါ။ နှစ်စဉ် ဓာတ်အား ၁ ဘီလီယံ ကီလိုဝပ်နာရီ ထုတ်လုပ်မှာဖြစ်ပြီး စီမံကိန်းကြောင့် တစ်နှစ်ကို သဘာ၀ဓာတ်ငွေ့ ၂၂၀ ကျုဘစ်မီတာ ချွေတာနိုင်ပြီး ကာဘွန်ထုတ်လွှတ်မှု တန် ၄၀၀ လောက် လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
“ACWA ကုမ္ပဏီလိုပဲ ဆော်ဒီအာရေဗျက အခြားကုမ္ပဏီတွေလည်း အဇာဘိုင်ဂျန်မှာ လာရောက်ရင်းနှီးမြှုပ်နှံမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ အဇာဘိုင်ဂျန် စွမ်းအင်ဝန်ကြီး ပါရ်ဗစ်ဇ် ရှာဘာဇော့ဗ်က ပြောကြားခဲ့ပါတယ်။
ACWA Powerဟာ ဆော်ဒီအစိုးရ တစ်ဝက်ပိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းနဲ့ ရေဆိုးသန့်စင်ရေးမှာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီလည်း ဖြစ်ပါတယ်။
Ref: Arab News
Comments