ဇန်ဝါရီ ၁၂၊ ၂၀၂၁
M-Media
-သီရိလင်္ကာနိုင်ငံက လူနည်းစု တမီလ်လူမျိုးတွေရဲ့ အထိမ်းအမှတ်ရုပ်တုတစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းက ဖျက်ဆီးခံလိုက်ရပြီး အစိုးရက ပြန်ဆောက်ပေးမယ်လို့ ကတိပြုထားပါတယ်။
နိုင်ငံမြောက်ပိုင်း ဂျက်ဖ်နာမြို့ Jaffna တက္ကသိုလ်မှာ တည်ဆောက်ထားတဲ့ အဲဒီ အထိမ်းအမှတ်ရုပ်တုဟာ မြေကြီးထဲကနေ လက်တွေထွက်ကာ အကူအညီတောင်းတဲ့သဏ္ဍာန်ဖြစ်ပါတယ်။
သီရိလင်္ကာအစိုးရရဲ့ ပြည်တွင်းစစ် နောက်ဆုံးအဆင့် နှိမ်နှင်းမှုမှာ အရပ်သားသောင်းချီ သေဆုံးခဲ့မှုကို အမှတ်ရစေဖို့အတွက် စစ်ပြီးဆုံးမှု ၁၀ နှစ်ပြည့်တဲ့ ၂၀၀၁၉ ခုနှစ်မှာ တက္ကသိုလ်ကျောင်းသားတွေက တည်ဆောက်ခဲ့တာပါ။
အတိုက်အခံလွှတ်တော်အမတ် ဒမာလင်ဂမ် သိဒ္ဒသန်က တက္ကသိုလ်အုပ်ချုပ်ရေးပိုင်းက ကျောင်းဝန်းကို သော့ခတ်ပြီး ဘူဒိုဇာနဲ့ ဒီရုပ်ထုကို ဖျက်ဆီးကာ ရဲတပ်ဖွဲ့ကလည်း အစောင့်အရှောက်ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီလုပ်ရပ်ကြောင့် ဒေသတွင်း တမီလ်လူမျိုးတွေသာမက အိန္ဒိယက တမီလ်လူမျိုးတွေပါ ဒေါသထွက်ခဲ့ကြပြီး ဆန္ဒပြဖို့အထိ လုပ်ဆောင်လာကြပါတယ်။
ဂျက်ဖ်နာမြို့ကိုယ်စားပြု အာဏာရပါတီ လွှတ်တော်အမတ် အန်ဂါဂျန် ရာမနာသန်က ဒီအထိမ်းအမှတ်ရုပ်တုကို ပြန်ဆောက်ဖို့အတွက် အာဏာပိုင်တွေက သဘောတူခဲ့ကြပြီး အုတ်မြစ်ချလိုက်ပြီလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဗုဒ္ဓဘာသာကိုးကွယ်တဲ့ လူများစု ဆင်ဟာလီတွေဟာ ဟိန္ဒူဘာသာ ကိုးကွယ်တဲ့ လူနည်းစု တမီလ်လူမျိုးတွေအပေါ် ဖိနှိပ်မှုတွေရှိတယ်လို့ တမီလ်လူမျိုးတွေက ယူဆနေပါတယ်။
ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးအတွက် တမီလ်တွေဟာ ‘တမီလ်ကျားအဖွဲ့’ အမည်နဲ့ ၃၇ နှစ်ကြာ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ပေမယ့် လက်ရှိသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ၂၀၀၉ ခုနှစ်က အပြီးတိုင် ချေမှုန်းခံခဲ့ရပါတယ်။
သီရိလင်္ကာအစိုးရရဲ့ နောက်ဆုံးစစ်ဆေးရေးအတွင်း တမီလ်အရပ်သား ၄ သောင်းလောက်အထိ အသတ်ခံခဲ့ရတယ်လို့ ပြောကြားမှုတွေရှိပြီး အစိုးရက ဒီစွပ်စွဲချက်တွေကို ငြင်းပါတယ်။ သီရိလင်္ကာအစိုးရဟာ တမီလ်ကျားအဖွဲ့ကို အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတာပါ။
Jaffna တက္ကသိုလ်မှာ ဖျက်ဆီးခံလိုက်ရတဲ့ ရုပ်ထုဟာ အကြမ်းဖက်သမားတွေကို ဂုဏ်ပြုဖို့ လုပ်ထားတာလို့ အစိုးရ ပြည်သူ့လုံခြုံရေး ဝန်ကြီး ဆာရက်သ် ဝီရာဆီကီရာက အစောပိုင်းမှာ ဝေဖန်ပြောကြားဖူးပါတယ်။
Ref: Aljazeera
Comments