ဇန်နဝါရီ ၁၉၊ ၂၀၂၁
M-Media
-ယူကေ အောက်စဖို့ဒ်တက္ကသိုလ်က ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေး AstraZeneca နဲ့ အမေရိကန်ထုတ် Moderna ဆေးတို့ကို ဆော်ဒီအာရေဗျက ဒီကနေ့မှာ အသုံးပြုခွင့်ပေးလိုက်ပါတယ်။
အရင်က အမေရိကန်-ဂျာမန် ကိုဗစ်ကာကွယ်ဆေး Pfizer/BioNTech ကို အသုံးပြုခွင့်ပေးထားပြီး စုစုပေါင်း ၃ မျိုး ဖြစ်လာတာပါ။ Pfizer/BioNTech ကာကွယ်ဆေးကို သိုလှောင်ဖို့အတွက် အအေးပေးခန်းတွေလိုအပ်ပြီး AstraZeneca နဲ့ Moderna တို့ကိုတော့ သာမန်အပူချိန်မှာတင် သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။
ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူ အီဘရာဟင် အလ်-အိုရိုင်ဖီက ကိုဗစ်ကာကွယ်ဆေးရရှိဖို့အတွက် ကမ္ဘာ့နိုင်ငံတွေက အလုအယက်ကြိုးစားနေကြပြီး Pfizer/BioNTech ဝယ်လိုအားကလည်း မြင့်တက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဆော်ဒီအာရေဗျအနေနဲ့ ကိုဗစ်ကာကွယ်ဆေး အလုံအလောက်ရအောင် ကြိုးစားထားပြီး ကာကွယ်ဆေးထိုးမှု လုပ်ငန်းတွေကိုလည်း အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။
“နိုင်ငံတစ်ဝှမ်း ကာကွယ်ဆေးထိုးပေးတဲ့ စင်တာတွေမှာ ဝန်ထမ်းတွေ တိုးမြှင့်ခန့်ထားပြီး သူတို့ဟာ အတွေ့အကြုံလည်း တော်တော်ရှိနေပါတယ်။ လုပ်တာကိုင်တာတွေ မြန်လာပြီး ကာကွယ်ဆေးထိုးမယ့်သူတွေကိုလည်း ပိုလက်ခံလာနိုင်ပါတယ်”
ဆော်ဒီအာရေဗျအစိုးရဟာ နိုင်ငံတစ်ဝှမ်း ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး စင်တာတွေကို တိုးချဲ့ဖွင့်လှစ်ဖို့လည်း စီစဉ်နေပါတယ်။ ဆော်ဒီမှာ ကာကွယ်ဆေးထိုးမှုကို ဒီဇင်ဘာလကတည်းက စတင်ခဲ့တာဖြစ်ပြီး ပထမလမှာတင် နိုင်ငံတစ်ဝှမ်းက လူ ၂ သန်းလောက်ထိုးဖို့ စာရင်းပေးခဲ့ပါတယ်။
Ref: Arab News
Comments