ဇန်နဝါရီ ၂၂၊ ၂၀၂၁
M-Media
လက်သန့်ဆေးများကြောင့် ကလေးမျက်လုံး ထိခိုက်မှုမြင့်တက်လာ
ကိုဗစ်ကာလအတွင်း လက်သန့်ဆေးတွေကြောင့် ကလေးငယ်တွေ မျက်စိထိခိုက်တာ များလာတယ်လို့ ပြင်သစ်ကျန်းမာရေးစင်တာ French Poison Control Center ရဲ့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။
လက်သန့်ဆေးတွေကို ပျမ်းမျှအမြင့် ၃ ပေလောက်မှာ ထားတတ်ကြပြီး လူကြီးတွေမှာ ခါးလယ်လောက်ရှိနေပေမယ့် ကလေးငယ်တွေအတွက် မျက်လုံးနဲ့ တစ်တန်းတည်း ဖြစ်နေတာကြောင့် မတော်တဆ မျက်လုံးထဲဝင်မှုတွေ ဖြစ်လာတာပါ။
အလ်ကိုဟောနဲ့ အခြား ဓာတုပစ္စည်းတွေအသုံးပြုထားတဲ့ လက်သန့်ဆေးတွေ မျက်လုံးထဲဝင်တာကြောင့် မျက်ကြည်လွှာတစ်ရှူး ထိခိုက်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ ၂၀၁၉ ခုနှစ်ကထက်စာရင် ၂၀၂၀ မှာ ဒီလိုအဖြစ်အပျက်တွေ သိသိသာသာ မြင့်တက်လာပြီး ထိခိုက်မှုအများစုက မပြင်းထန်ဘူးလို့လည်း စင်တာက ဆိုပါတယ်။
ကိုဗစ်ကြောင့် ကမ္ဘာကြီးကိုယ်ကျင့်တရားပိုင်း ယိုယွင်းနေပြီဟု WHO ပြော
ကိုဗစ်ကာကွယ်ဆေးရဖို့ ကြိုးပမ်းရာမှာ ကမ္ဘာကြီးဟာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ယိုယွင်းတဲ့ဆင့်ကို ရောက်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဝေဖန်ပြောကြားလိုက်ပါတယ်။
လက်ရှိ ကာကွယ်ဆေးတွေကို ချမ်းသာတဲ့နိုင်ငံတွေက အများအပြား ကြိုတင်မှာယူထားကြတာပါ။ Tedros က ချမ်းသာတဲ့နိုင်ငံတွေက လူငယ်တွေ ကိုဗစ်ကာကွယ်ဆေး အရင်ထိုးနေရတဲ့အချိန် ဆင်းရဲတဲ့နိုင်ငံတွေက ထိခိုက်လွယ်သူတွေ ဘာဆေးမှ မရတာဟာ မမျှတဘူးလို့ ဆိုပါတယ်။
လက်ရှိ ကာကွယ်ဆေး ၃၉ သန်းကို ချမ်းသာတဲ့နိုင်ငံ ၄၉ နိုင်ငံက မျှဝေယူနေကြပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာ ပျမ်းမျှ ၂၅ လုံးသာ ရရှိနေတာ ဖြစ်ပါတယ်။
အသွင်ပြောင်းကိုဗစ်အတွက် အောက်စဖို့ဒ်တက္ကသိုလ်က ကာကွယ်ဆေးဖန်တီးနေ
ယူကေ၊ တောင်အာဖရိကနဲ့ ဘရာဇီးလ်တို့မှာ တွေ့နေရတဲ့ အသွင်ပြောင်း ကိုဗစ်ကို ကာကွယ်နိုင်မယ့် ကာကွယ်ဆေးရအောင် အောက်စဖို့ဒ်တက္ကသိုလ် သိပ္ပံပညာရှင်တွေက ဖန်တီးနေကြပါတယ်။
အသွင်ပြောင်းဗိုင်းရပ်စ်ဟာ မူလ ဗိုင်းရပ်စ်ထက် ၇၀ ရာခိုင်နှုန်း ပိုပြီး ကူးစက်မြန်တာပါ။ အောက်စဖို့ဒ်တက္ကသိုလ်ဟာ ဆေးကုမ္ပဏီတစ်ခုနဲ့ပေါင်းပြီး AstraZeneca ကိုဗစ်ကာကွယ်ဆေး ထုတ်ထားကာ ဒီကာကွယ်ဆေးကိုပဲ အသွင်ပြောင်းကိုဗစ်အတွက် သုံးနိုင်ရေး ပြုပြင်သွားမှာ ဖြစ်ပါတယ်။
လက်ရှိမှာ အမေရိကန်-ဂျာမန်ကာကွယ်ဆေး Pfizer-BioNTech၊ အောက်စဖို့ထုတ် AstraZeneca၊ ရုရှားနဲ့ တရုတ်တို့က ထုတ်တဲ့ ကာကွယ်ဆေးတွေ ရှိနေပေမယ့် အသွင်ပြောင်းကိုဗစ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါ့မလားဆိုတာ တိတိကျကျ မသိရပါဘူး။
Ref: CNN, BBC
Comments