ဇန်နဝါရီ ၂၅၊ ၂၀၂၁
M-Media
-ဟိမ၀န္တာအနောက်ပိုင်း အငြင်းပွားဒေသမှာ တရုတ်နဲ့ အိန္ဒိယ တပ်ဖွဲ့ဝင်တွေ ပြီးခဲ့တစ်ပတ်က ထိုးကြိတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရတာတွေ ရှိတယ်လို့ အိန္ဒိယက ဒီနေ့ ထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဆစ်ကင်ပြည်နယ်နဲ့ တရုတ်နိုင်ငံ တိဘက်ဒေသတို့ကို ဆက်ထားတဲ့ နာကူလာလမ်းကြောင်းမှာ ဇန်နဝါရီ ၂၀ ရက်နေ့က ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။
ဇွန်လကလည်း လာဒက်ခ်ဒေသမှာ အိန္ဒိယနဲ့ တရုတ်စစ်တပ်တို့ နှစ်ဖက်ရိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အိန္ဒိယစစ်သား ၂၀ သေဆုံးကာ တရုတ်ဖက်မှာလည်း စစ်သားတွေ သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။
အိန္ဒိယစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ နာကူလာက ရန်ပွဲကို အသေးစားထိပ်တိုက်တွေ့မှုအဖြစ် သုံးနှုန်းထားပြီး ‘လုပ်ထုံးလုပ်နည်းတွေအတိုင်း နှစ်ဖက်တပ်မှူးတွေက ပြေလည်အောင် ဖြေရှင်းခဲ့ကြတယ်’ လို့ ဖော်ပြထားပါတယ်။
တရုတ်ကင်းအဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ဒီအဖြစ်အပျက်မှာ အိန္ဒိယစစ်သား ၄ ဦး ဒဏ်ရာရခဲ့ပြီး တရုတ်စစ်သားတွေလည်း ထိခိုက်မှုရှိတယ်လို့ အိန္ဒိယစစ်တပ်က ပြောပါတယ်။
နာကူလာလမ်းကြောင်းမှာ ပြီးခဲ့တဲ့နှစ် မေလကလည်း နှစ်ဖက်စစ်သား ၁၅၀ လောက် ရိုက်ပွဲဖြစ်ခဲ့ပြီး တစ်ဖက် စစ်သား ၁၀ ယောက်စီ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ တရုတ်ဖက်ကတော့ ထိခိုက်ဒဏ်ရာရမှု အချက်အလက်ကို မထုတ်ပြန်ပါဘူး။ ၏
အဲဒီအဖြစ်အပျက်တွေဖြစ်ပြီးနောက်ပိုင်း အိန္ဒိယက တရုတ်ထုတ် ဖုန်းဆော့ဖ်ဝဲ ၁၅၀ ကျော်လောက်ကို ပိတ်ပင်တာ တရုတ်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုကို တားမြစ်တာ စတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
နယ်စပ်က နယ်မြေပိုင်ဆိုင်မှု အငြင်းပွားရာကနေ တရုတ်နဲ့ အိန္ဒိယတို့ ၁၉၆၂ ခုနှစ်က စစ်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသေးတယ်။
ဇွန်လက လာဒက်ခ်ဒေသ ရိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ တင်းမာမှုလျော့ချရေး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
Ref: AFP
Comments