ဇန်နဝါရီ ၂၇၊ ၂၀၂၁
M-Media
-ကိုဗစ်ဗိုင်းရပ်စ်ရဲ့ ပုံပြောင်းတတ်တဲ့ သဘာ၀ကြောင့် ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် ထိုးရတာမျိုး ဖြစ်နိုင်တယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကျန်းမာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဖရီဒါ အလ် ဟိုစနီက ပြောပါတယ်။
လူထုအခြေပြု အကူအညီပေးရေးအဖွဲ့ MBAF နဲ့ ယူအေအီး ပြည်သူ့ကျန်းမာရေးစင်တာ (ADPHC) တို့ရဲ့ မနေ့က အလွန်လိုင်းဆွေးနွေးပွဲတစ်ခုမှာ ဖရီဒါက အခုလို ပြောလိုက်တာပါ။
ကိုဗစ်ရောဂါ စတင်ပြန့်နှံ့ကတည်းက ဗိုင်းရပ်စ်ပုံပြောင်းမှု အကြိမ်ရေထောင်ချီ ဖြစ်ခဲ့ပြီး လက်ရှိ ယူကေ၊ တောင်အာဖရိကနဲ့ အခြားနိုင်ငံတစ်ချို့မှာ ကူးစက်မှု ၇၀ ရာခိုင်နှုန်း ပိုမြန်တဲ့ ပုံပြောင်းကိုဗစ်တစ်မျိုး ပြန့်နှံ့နေပါတယ်။
ဖရီဒါက ဒီလိုပုံပြောင်းမှုတွေ ဆက်ဖြစ်နေရင် ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ်လောက် ထိုးရတာမျိုး ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ ယူအေအီးမှာ အသက် ၁၆ နှစ်အရွယ် လူငယ်တွေကို ထိုးပေးနိုင်မယ့် ကာကွယ်ဆေး အနည်းဆုံး ၃ မျိုးလောက်ကို စမ်းသပ်နေတယ်လို့ သူမက ဆိုပါတယ်။
ကိုဗစ်ကူးစက်သူ ၄၀ ကနေ ၅၀ ရာခိုင်နှုန်းလောက် ရောဂါလက္ခဏာ မပြတာကို သူမက ထောက်ပြခဲ့ပါတယ်။
“ဒါ့ကြောင့် လူကြီးတွေကို ဦးစားပေးထိုးပေးဖို့ ကျွန်မတို့ အဓိက လုပ်နေတယ်။ လူကြီးတွေ၊ တစ်ခြားရောဂါရှိတဲ့သူတွေမှာ ကိုဗစ်ကူးစက်တာကို ကြိုသိလေလေ၊ ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ အခွင့်အရေး များလေလေပါပဲ”
ယူအေအီးဟာ တရုတ်ထုတ် Sinopharm၊ အမေရိကန်ထုတ် Pfizer နဲ့ ရုရှားထုတ် Sputnik ကိုဗစ်ကာကွယ်ဆေးတွေကို အသုံးပြုခွင့်ပြုထားပြီး ၂၀၂၁ ခုနှစ် ပထမ ၃ လအတွင်း နိုင်ငံလူဦးရေရဲ့ ထက်ဝက်လောက်ကို ထိုးပေးနိုင်ဖို့ စီစဉ်ထားပါတယ်။
Ref: Khaleej Times
Comments