ဖေဖော်ဝါရီ ၂၊ ၂၀၂၁
M-Media
-လတ်တလော စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအရေးကို အမေရိကန်က တုန့်ပြန်ရာမှာ တရုတ်က အမြတ်ထုတ်နိုင်တဲ့အနေအထားကိုထည့်တွက်ပြီး လက်တွေ့အခြေအနေတွေကို သုံးသပ်ဆောင်ရွက်သင့်တယ်လို့ Wall Street ဂျာနယ်က ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ အကြံပြုထားပါတယ်။
၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ မသမာမှုတွေရှိနေပြီး ဒီကိစ္စကို ပြည်သူတွေက မကျေနပ်ရာကနေ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဏာရ NLD ပါတီရဲ့ ခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင်တွေကိုလည်း ထိန်းသိမ်းခဲ့ပါတယ်။
ဒီကိစ္စကို အမေရိကန်၊ ယူကေနဲ့ ဥရောပ အပါအဝင် နိုင်ငံတော်တော်များများက ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။
Burma’s Coup and Biden’s Choice (မြန်မာ့အာဏာသိမ်းမှုနှင့် ဘိုင်ဒန်အတွက်ရွေးချယ်စရာ) ဆိုတဲ့ Wall Street က ဆောင်းပါးမှာ အမေရိကန်အနေနဲ့ စီးပွားရေးပိတ်ဆို့မှုထက် ပိုပြီးထိရောက်တဲ့ တုန့်ပြန်မှုမျိုးကို ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
အရင်က အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့အတွက် စီးပွားရေးပိတ်ဆို့မှုကို အသုံးချခဲ့ပေမယ့် တကယ်အသွင်ကူးပြောင်းတဲ့အခါ စစ်တပ်ရဲ့ အာဏာလွှဲပြောင်းမှုဟာ လူတွေထင်နေသလောက် မရှိဘူးလို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
လက်ရှိ အာဏာသိမ်းမှုဖြစ်ရာမှာ အရင်ကအတိုင်း စီးပွားရေးပိတ်ဆို့မှုကို ထပ်သုံးမယ်ဆိုရင် ၅၄ သန်းသော မြန်မာပြည်သူတွေသာ ထပ်ပြီးအထိနာမှာဖြစ်ပြီး နိုင်ငံဟာ တရုတ်လက်တွင်း လုံး၀ သက်ဆင်းသွားလိမ့်မယ်လို့ သတိပေးထားပါတယ်။
မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို တရုတ်က ရှုတ်ချတာမျိုး မလုပ်တာကို ဆောင်းပါးမှာ ထောက်ပြထားပြီး စစ်အစိုးရသစ်နဲ့ ရွှေလမ်းငွေလမ်းဖောက်ဖို့ လုပ်ကောင်းလုပ်လိမ့်မယ်လို့လည်း ဆိုပါတယ်။
ရိုဟင်ဂျာပြဿနာကို ကိုင်တွယ်ရာမှာ အရင်က ထိန်းသိမ်းထားတဲ့ လစ်ဘရယ်တန်ဖိုးတစ်ချို့ကို စွန့်လွှတ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် သပွတ်အူလိုက်နေတဲ့ လူမျိုးစုပြဿနာတွေအောက်မှာ ကံမကောင်းအကြောင်းမလှစွာ ခေါင်းငုံ့အညံ့ခံခဲ့ရတယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အကြပ်အတည်းတွေ့မယ့်အနေအထားရှိနေပြီး တရုတ်လက်တွင်း သက်ဆင်းရမယ့်အန္တရာယ်ကို လျှော့ချဖို့ အမေရိကန်အစိုးရက လုပ်နိုင်စွမ်းရှိကြောင်း၊ စစ်အာဏာသိမ်းမှုကို တုန့်ပြန်ရာမှာ အာရှရဲ့ မဟာဗျူဟာကျတဲ့အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး နိုင်ငံရေးစံနှုန်းတွေကို ရှုတ်ချတာထက် လက်တွေ့ထိရောက်မယ့် သံခင်းတမန်ခင်းတွေ လိုအပ်ကြောင်း ထည့်သွင်း ထောက်ပြထားပါတယ်။
အနောက်နိုင်ငံတွေရဲ့ တာဝန်မဲ့မှုကြောင့် တရုတ်က မြန်မာကို လက်ရုံးနိုင်ငံအဖြစ် ရှုမြင်ဆက်ဆံခဲ့ကြောင်း၊ ထရမ့်လက်ထက် ‘အင်အားကြီးနိုင်ငံဦးစားပေး’ သံတမန်မူဝါဒဟာ တစ်ခါတစ်ရံမှာ အလျော်အစားကြီးတတ်ပြီး ဘိုင်ဒန်အစိုးရအနေနဲ့ လစ်ဘရယ်တန်ဖိုးတွေကို အဓိကထားကာ ဒီလမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်လားရာကို သွားသင့်ကြောင်းလည်း ဆောင်းပါးမှာ ထောက်ပြထားပါတယ်။
Ref: Wall Street Journal
Comments