ဖေဖော်ဝါရီ ၁၆၊ ၂၀၂၁
M-Media
-အာဏာသိမ်းစစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့မှု ကျယ်ကျယ်ပြန့်ပြန့်လုပ်တာကို မထောက်ခံဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန်က ပြောကြားလိုက်ပြီး ဒီလိုပိတ်ဆို့မှုတွေလုပ်ရင် သာမန်ပြည်သူတွေသာ ထိခိုက်လိမ့်မယ်လို့ ဆိုပါတယ်။
ဒီကနေ့ စင်ကာပူလွှတ်တော်ရဲ့ဆွေးနွေးမှုမှာ ကရစ်ရှ်နန်က အခုလို ထည့်သွင်းပြောဆိုသွားတာပါ။
မြန်မာပြည်သူလူထုရဲ့ ၄ ပုံ ၁ ပုံလောက် ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်အောက်မှာနေထိုင်နေရပြီး ကိုဗစ်ကပ်ရောဂါကြောင့် သူတို့ရဲ့အခြေအနေ ပိုဆိုးရွားလာတယ်ဆိုတဲ့ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းတွက်ချက်မှုကို ဝန်ကြီးက ထောက်ပြပါတယ်။
“ဒါ့ကြောင့် ကျွန်တော့်ရဲ့ဆွေးနွေးမှု၊ ဖုန်းပြောဆိုမှုတွေ အားလုံးမှာ မြန်မာနိုင်ငံအပေါ် သိမ်းကျုံး ပိတ်ဆို့မှုတွေ အများအပြား မလုပ်ဆောင်သင့်ဘူးလို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဒီအတွက် ခံစားရမယ့်သူတွေက သာမန်ပြည်သူတွေ ဖြစ်နေမှာကြောင့်ပါ”
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ စင်ကာပူက အများဆုံးဖြစ်ပြီး၊ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တွေကလည်း စင်ကာပူက လုပ်ငန်းတွေ၊ ဘဏ်တွေမှာ ဒေါ်လာသန်းချီ ထည့်ထားတာတွေရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံက ကိစ္စနဲ့ပတ်သက်ပြီး ငြိမ်းချမ်းတဲ့အဖြေရှာမှု၊ အမျိုးသားရင်ကြားစေ့ရေး စတာတွေ ဖြစ်လာဖို့ မျှော်လင့်တယ်လို့လည်း ကရစ်ရှ်နန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“အခြေအနေတွေက ပိုပြီး တင်းမာလာမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ အာဆီယံဒေသအတွက် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်လာမှာပါ”
တိုင်းပြည်ရဲ့အနာဂတ်ကို မြန်မာပြည်သူတွေကသာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကို စင်ကာပူက အမြဲတမ်းထောက်ခံပြီး၊ အာဆီယံအဖွဲ့ကလည်း အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးဆိုတဲ့ မူကို လက်ကိုင်ထားတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စင်ကာပူရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအထိ စုစုပေါင်းပမာဏ ကန်ဒေါ်လာ ၂၄ ဘီလီယံဖိုးရှိပါတယ်။ ဒီအထဲက အများစုဟာ NLD အစိုးရလက်ထက် ပြီးခဲ့တဲ့ ၅ နှစ်အတွင်းက ဝင်ရောက်လာခဲ့တာပါ။
မြန်မာစစ်တပ်၊ သူတို့နဲ့ ပတ်သက်ဆက်နွယ်တဲ့ကုမ္ပဏီတွေနဲ့ အလုပ်လုပ်နေတဲ့ စင်ကာပူလုပ်ငန်းတွေ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုမှာ ကြားညပ်နိုင်ပြီး အဲဒီအတွက် အစိုးရက အကြံပေးတာ ကူညီတာမျိုး ရှိလားဆိုပြီး အမတ်တစ်ယောက်က မေးမြန်းရာ လက်ရှိအချိန်အထိ သီးသန့် အကြံပေးတာမျိုး မရှိသေးပေမယ့် ရသမျှသတင်းအချက်အလက်အားလုံးကို ဒီလွှတ်တော်မှာ တင်ပြသွားမှာဖြစ်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို မိမိတို့ကိုယ်တိုင် ချမှတ်နိုင်ကြောင်း ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။
Ref: CNA
Comments