ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁
M-Media
-မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အမြန်ပြန်ကျင့်သုံးဖို့ အာရှနေတိုးလို့ တင်စားခံရတဲ့ Quad အဖွဲ့က မနေ့မှာ တိုက်တွန်းလိုက်ပြီး စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ပြောကြားလိုက်ပါတယ်။
Quad အဖွဲ့ကို အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ ဩစတေးလျတို့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး မနေ့က နိုင်ငံခြားရေးဝန်ကြီးတွေ အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံဆွေးနွေးရာမှာ မြန်မာနိုင်ငံအကြောင်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အလျင်အမြန် ပြန်ကျင့်သုံးဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး သဘောတူခဲ့ပါတယ်” လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတီဂီက ပြောပါတယ်။
အာဏာသိမ်းမှုဆန့်ကျင်ရေး လုပ်ဆောင်နေတဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်ဖြိုခွင်းတာမျိုး လုံး၀မလုပ်ဖို့၊ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြန်လွှတ်ပေးဖို့လည်း မိုတီဂီက စစ်တပ်ကို တိုက်တွန်းခဲ့ပါတယ်။
Quad အဖွဲ့ဟာ ကိုဗစ်ကပ်ရောဂါ၊ ရာသီဥတုပြောင်းလဲမှု၊ အင်ဒို-ပစိတ်ဖတ် ပိုင်နက်အငြင်းပွားနေမှုပြဿနာ၊ ရေကြောင်းသွားလာရေးပြဿနာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီအဖွဲ့ကို တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတာပါ။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမာယမ် ဂျိုင်ရှန်ကာက မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေကို လုပ်ဆောင်ဖို့ အလေးထား ပြောကြားခဲ့ပါတယ်။
Quad အဖွဲ့ကို ဦးဆောင်တဲ့ အမေရိကန်က အာဏာသိမ်းမှုအပြီးမှာပဲ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့မှု ချက်ခြင်းလုပ်ဆောင်ခဲ့သလို၊ အာရှက မဟာမိတ်တွေနဲ့ပေါင်းပြီး မြန်မာ့အရေးဖြေရှင်းဖို့ ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
မနေ့က Quad အဖွဲ့ရဲ့ အစည်းအဝေးမှာ တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်တို့မှာ အာရှနိုင်ငံတစ်ချို့ တရုတ်နဲ့ဖြစ်နေတဲ့ ပိုင်နက်အငြင်းပွားမှုပြဿနာကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
Ref: Reuters, Business Times
Comments