မတ် ၈၊ ၂၀၂၁
M-Media
-ဆန္ဒပြ ပြည်သူလူထုအပေါ် အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတဲ့အပေါ် စိုးရိမ်မိပြီး၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ ဩစတေးလျနိုင်ငံက ပြောကြားလိုက်ပါတယ်။
ဩစတေးလျဟာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကန့်သတ်လုပ်ဆောင်နေတာဖြစ်ပြီး စစ်သားတွေကို အင်္ဂလိပ်စာသင်ကြားပေးမှုလို စစ်ရေးမဟုတ်တဲ့ နယ်ပယ်တွေမှာ အကူအညီ ပေးနေတာဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေ အများအပြား သတ်ဖြတ်ခံရပြီး သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးရတဲ့ကိစ္စ နောက်ပိုင်းမှာလည်း ဒီလိုကူညီမှုတွေ ဆက်လုပ်နေတာပါ။
ဒါပေမယ့် ဒီပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ နိုင်ငံခြားရေးဝန်ကြီး မာရီစ် ပေနီက ပြောပါတယ်။
“အရပ်သားတွေအပေါ် အကြမ်းဖက်တာကို ရှောင်ကျဉ်ကြဖို့ မြန်မာလုံခြုံရေးတပ်ဖွဲ့ကို ကျွန်မတို့ အခိုင်အမာ တောင်းဆိုလိုက်ပါတယ်”
လန်ဒန်အခြေစိုက် ဘာမားကမ်ပိန်းအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ အန်နာရောဘတ်က ဩစတေးလျရဲ့ ဒီပူးပေါင်းဆောင်ရွက်မှုဟာ အစကတည်းက မရှိသင့်ဘူးလို့ ပြောပါတယ်။
“မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့၊ လေ့ကျင့်ပေးနေတဲ့ နိုင်ငံ ၁၂ နိုင်ငံ ရှိပါသေးတယ်။ မြန်မာစစ်တပ်ကို လေ့ကျင့်သင်ကြားပေးနေတာဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်သတ်နေတဲ့ သူတို့နဲ့ အလိုတူအလိုပါ ဖြစ်နေတာပါ။ တစ်ဖက်ကို ကူညီပေးနေပြီးတော့မှ ငါ့တို့ ကြားမဝင်ပါဘူးဆိုတာမျိုး ပြောလို့မရပါဘူး။ မြန်မာစစ်တပ်ဟာ ပြည်သူတွေကိုသတ်တဲ့ စစ်တပ်ပါ”
အဲဒီနိုင်ငံ ၁၂ နိုင်ငံထဲမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ယူကရိန်းတို့လည်း ပါဝင်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှု အပြီးပိတ်ဖို့ တောင်းဆိုနေကြပါတယ်။
ဩစတေးလျဟာ တိုင်းရင်းသားတွေအပါအဝင် မြန်မာနိုင်ငံက ချို့တဲ့တဲ့သူတွေအပေါ် ကူညီနေမှုကိုလည်း အာဏာသိမ်းစစ်ကောင်စီကတစ်ဆင့် မဟုတ်ဘဲ တိုက်ရိုက်ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောင်တာနယ်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း ပေနီက ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။
Ref: Reuters
Comments