မတ် ၈၊ ၂၀၂၁
M-Media
-လက်ရှိ မြန်မာနိုင်ငံအရေးမှာ ဘယ်သူ့ဖက်မှမပါဘဲ သက်ဆိုင်သူတွေအကြား ကြားဝင်ညှိနှိုင်းပေးဖို့ တရုတ်နိုင်ငံက ဆန္ဒရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက မနေ့မှာ ပြောကြားလိုက်ပါတယ်။
ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှုမှာ တရုတ်အစိုးရက နောက်ကွယ်ကနေ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတာပါ။ တရုတ်ကတော့ ဒါကို ငြင်းထားပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ တရုတ်နိုင်ငံက မြင်ချင်တာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။
မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဒီစကားကို ထပ်ပြောခဲ့ပြီး အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေဘောင်ထဲက ကြားဝင်ညှိနှိုင်းပေးလိုတယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူ့ဆန္ဒကို အလေးထားပြီး တင်းမာမှုတွေလျှော့ချရေး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ကာ သက်ဆိုင်သူတွေနဲ့ ဆက်သွယ်ညှိနှိုင်းပေးဖို့ တရုတ်က ဆန္ဒရှိပါတယ်”
လက်ရှိ အရေးအကြီးဆုံးက သွေးထွက်သံယို ဖြစ်နေမှုကို ချက်ခြင်းရပ်တန်ဖို့ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အဆိုပြုချက် ၃ ခု ချပြခဲ့တာပါ။
ဒုတိယတစ်ချက်က တစ်ခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဆိုတဲ့ မူဘောင်ထဲကနေ အာဆီယံအဖွဲ့က ဝင်ရောက်အဖြေရှာတာကို တရုတ်က ထောက်ခံအားပေးမယ်လို့ ဝမ်ယီက ပြောပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ တရုတ်-မြန်မာဆက်ဆံမှု ပိုမိုကောင်းမွန်ရေးကို မမှိန်မသုန် ဆက်လက်စွဲကိုင်သွားမှာဖြစ်ပြီး၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မိတ်ဖက်ဖြစ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
Ref: The Star
Comments