မတ် ၁၁၊ ၂၀၂၁
M-Media
-မြန်မာနိုင်ငံက ပြဿနာမှာ တင်းမာမှုလျော့ချဖို့ အချိန်တန်ပြီလို့ ကုလဆိုင်ရာ တရုတ်သံအမတ် ကျန်းကျွင်းက ပြောကြားလိုက်ပါတယ်။
မနေ့က ကုလ လုံခြုံရေးကောင်စီ အစည်းအ၀ေးမှာ မြန်မာ့အရေးအတွက် ကြေငြာချက်တစ်စောင် ထုတ်ခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေကို အလွန်အမင်း စိုးရိမ်မိပြီး ဖမ်းဆီးထားသူတွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို၊ ဆန္ဒပြ ပြည်သူတွေပေါ် အကြမ်းဖက်သတ်ဖြတ်မှုကို ရပ်တန့်ဖို့ အာဏာသိမ်း စစ်ကောင်စီကို ကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။
ဗြိတိန်ကတင်သွင်းတဲ့ ကြေငြာချက်မူကြမ်းမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုးကို ရှုတ်ချတဲ့စာကြောင်း ပါ၀င်ပေမယ့် တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတွေရဲ့ ကန့်ကွက်မှုကြောင့် ဒီစာကြောင်းကို ဖြုတ်ပစ်ခဲ့ရပါတယ်။
ကုလဆိုင်ရာ တရုတ်သံအမတ် ကျန်းကျွင်းက ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်ဖို့ လုံခြုံရေးကောင်စီ အစည်းအ၀ေးအပြီးမှာ တိုက်တွန်းခဲ့ပါတယ်။
“တင်းမာမှုတွေလျော့ချဖို့ အချိန်တန်ပါပြီ။ သံတမန်နည်းလမ်းနဲ့ သွားရမယ့်အချိန်၊ ဆွေးနွေးညှိနှိုင်းရမယ့် အချိန်ပါ “
လုံခြုံရေးကောင်စီကြေငြာချက် ပြင်ဆင်တဲ့ကိစ္စမှာ ပါ၀င်ခဲ့တာကိုလည်း ကျန်းကျွင်းက ၀န်ခံပါတယ်။
“ကောင်စီက အဖွဲ့၀င်နိုင်ငံတွေ တစ်သံတည်းထွက်ဖို့ အရေးကြီးပါတယ်။ ကောင်စီကထုတ်ပြန်တဲ့သတင်းစကားဟာ မြန်မာနိုင်ငံက အခြေအနေ တင်းမာမှုလျော့ချရေး အထောက်အကူဖြစ်ရမှာပါ”
မြန်မာနိုင်ငံကိစ္စမှာ သက်ဆိုင်သူတွေရဲ့ အမြင်မတူမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေဘောင်အောက်မှာ ဖြေရှင်းနိုင်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက လုပ်နိုင်ကိုင်နိုင်တဲ့ ၀န်းကျင်တစ်ခု ဖန်တီးပေးသင့်တယ်လို့လည်း တရုတ်သံအမတ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“တရုတ်နိုင်ငံရဲ့ ဆွေမျိုးပေါက်ဖော် မူ၀ါဒက မြန်မာပြည်သူအားလုံးအတွက်ပါ။ သက်ဆိုင်သူတွေနဲ့ ဆက်သွယ်ပြီး ဆွေးနွေးညှိနှိုင်းပေးဖို့၊ လက်ရှိတင်းမာမှုကို လျော့ချရာမှာ အပြုသဘောဆောင်တဲ့နေရာကနေ ပါ၀င်ပေးဖို့အတွက် တရုတ်နိုင်ငံက အဆင်သင့်ရှိနေပါတယ်။ “
Ref: Reuters
Comments