မတ် ၁၅၊ ၂၀၂၁
M-Media
မတ် ၁၅၊ ၂၀၂၁
M-Media
-မနေ့က လှိုင်သာယာမှာ တရုတ်နိုင်ငံပိုင် စက်ရုံတွေ ဖျက်ဆီးခံရမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကျူးလွန်သူတွေကို ထိထိရောက်ရောက်အရေးယူဖို့၊ ပျက်ဆီးမှုအတွက် လျော်ကြေးပေးဖို့ မြန်မာနိုင်ငံကို တိုက်တွန်းတယ်လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော်သတင်းစာ Global Times မှာ မနေ့က ရေးသားလိုက်ပါတယ်။
တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ စစ်ရုံတွေကို ဆိုးသွမ်းသူတွေက ဖျက်ဆီး၊ လုယက်၊ မီးရှို့ခဲ့ကြပြီး ဒါတွေကို စနစ်တကျ စီစဉ်လုပ်ဆောင်တာလို့လည်း အယ်ဒီတာ့အာဘော်က ရေးပါတယ်။
ဆိုရှယ်မီဒီယာမှာ တရုတ်စက်ရုံတွေကို တိုက်ခိုက်ဖို့ လှုံ့ဆော်တာတွေရှိပြီး ဒါတွေကို ဥပဒေအရ အရေးယူရမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက လက်ရှိအခြေအနေမှာ တရုတ်အစိုးရက ထဲထဲဝင်ဝင် ဝင်ရောက်စွက်ဖက်တာ မရှိဘဲ ဥပဒေအရ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်ရေး အစွမ်းကုန်ကြိုးစားပေးနေကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးနီးပါးကလည်း ဒီလို ရပ်တည်ချက်မျိုးနဲ့ပဲ မြန်မာ့အရေးကို တုန့်ပြန်ဆောင်ရွက်နေကြောင်း ဘယ်အဖွဲ့က အာဏာရရ မြန်မာနိုင်ငံဟာ တရုတ်နဲ့ မိတ်ဖက်ဆက်ဆံရေးကို ထိန်းသိမ်းထားကြောင်း ထည့်သွင်းရေးသားထားပါတယ်။
ပြီးခဲ့တဲ့လ မြန်မာနိုင်ငံမှာ အခြေအနေ ရုတ်တရက် ပြောင်းသွားပြီးတဲ့နောက် စစ်အာဏာသိမ်းမှုကို ရှုတ်ချဖို့ စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူဖို့ အမေရိကန်က မိမိတို့ကို ပြောခဲ့ပေမယ့် မိမိတို့ရဲ့ ရပ်တည်ချက်နဲ့ မကိုက်ညီတဲ့အတွက် လက်မခံဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံဟာ ဒေသအတွင်းမှာ အင်အားအတောင့်တင်းဆုံး တိုင်းပြည်ဖြစ်ပြီး အခြားတိုင်းပြည်တွေ မိမိတို့ပြည်တွင်းရေးကို မိမိတို့ကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်မှုကို အလေးထားကြောင်း၊ ရေရှည်မှာ ဒီမူဝါဒက အိမ်နီးချင်းနိုင်ငံတွေ အချုပ်အခြာအာဏာတည်တံရေးအတွက် အရေးပါကြောင်း Global Times က ထည့်သွင်းရေးသားထားပါတယ်။ မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးဟာ တရုတ်က သူတို့အပေါ် အားပေးထောက်ခံတာကို မျှော်လင့်ပေမယ့် တရုတ်နိုင်ငံက မိမိတို့ရဲ့မူဝါဒနဲ့ အကျိုးစီးပွားကို သွတ်သွင်းလိုက်တာမျိုးဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ရေရှည် ဆန္ဒနဲ့ ကိုက်ညီမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ တစ်ချို့လူတွေက တရုတ်နိုင်ငံကို ကြားဝင်ဖြေရှင်းစေချင်ပေမယ့် ဒီအတွက် သူတို့မှာ ဘာအကြောင်းပြချက်မှ မရှိကြောင်း၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြဿနာကို ဖြေရှင်းရေးမှာ တရုတ်နိုင်ငံပိုင်စက်ရုံတွေ ဓားစာခံ လုပ်ခံရတာကို ဘယ်တော့မှ ခွင့်ပြုသွားမှာမဟုတ်ကြောင်းလည်း အယ်ဒီတာ့အာဘော်မှာ ထည့်သွင်းရေးသားထားပါတယ်။
အာရှတိုက်မှာ ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်ကို မြန်မာနိုင်ငံကလည်း ကျင့်သုံးကြောင်း၊ မြန်မာနိုင်ငံက မတူညီတဲ့ တိုင်းရင်းသားလူမျိုးစုတွေအကြားမှာ ရှုပ်ထွေးတဲ့ ဆန့်ကျင်ဖက်သဘောထားတွေ ရှိပြီး နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရင် မနှစ်မြို့စရာကောင်းတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ကြောင်း၊ တရုတ်နဲ့ မြန်မာနိုင်ငံတို့ နယ်နမိတ်ချင်း နီးကပ်နေတာကြောင့် တရုတ်အစိုးရက မြန်မာပြည်တွင်းရေး ဝင်စွက်ရင် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အိပ်မက်ဆိုးဖြစ်လာမှာဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော်သတင်းစာက ထောက်ပြထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို တရုတ်က ကြားဝင်ဆောင်ရွက်ပေးစေချင်တဲ့ မြန်မာပြည်သူတွေအနေနဲ့ နိုင်ငံရဲ့ ရေရှည်အချုပ်အခြာအာဏာကို ထည့်သွင်းစဉ်းစားဖို့ မေတ္တာရပ်ခံကြောင်းလည်း အယ်ဒီတာ့အာဘော်က ဆိုပါတယ်။
အနောက်နိုင်ငံတွေကိုလည်း Global Times က ဝေဖန်ပြစ်တင်ထားပါတယ်။ လက်ရှိမှာ NLD ပါတီကို ထောက်ခံအားပေးနေတဲ့ အနောက်နိုင်ငံတွေဟာ ရိုဟင်ဂျာကိစ္စမှာ NLD ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာလည်း နိုင်ငံတကာအသိုင်းအဝိုင်းမှာ သိသိသာသာ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေ ပြည်တွင်းပြဿနာကို မိမိတို့ဖာသာ ဖြေရှင်းပိုင်ခွင့်ကို တရုတ်နိုင်ငံက အလေးထားပြီး အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေဘောင်အတွင်းကနေ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့အတွက် အားပေးတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံကို ရည်ရွယ်ချက်ရှိရှိ အသရေဖျက်သူတွေ၊ တရုတ်စက်ရုံတွေကို တိုက်ခိုက်ဖို့ လှုံဆော်သူတွေဟာ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံရဲ့ ဘုံရန်သူတွေဖြစ်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးကိုပေးရမယ်လို့ နိဂုံးချုပ်ထားပါတယ်။
Ref: Global Times
Comments