မတ် ၂၃၊ ၂၀၂၁
M-Media
-စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေး၀န်ကြီးဌာနက အကြီးအကဲနှစ်ဦးနဲ့ စစ်တပ်က တပ်မနှစ်ခုတို့ကို အမေရိကန် ဘဏ္ဏာရေးဌာနက အမည်ပျက်စာရင်း သွင်းလိုက်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး နဲ့ မြန်မာ စစ်တပ်ရဲ့ တပ်မ ၃၃ နဲ့ ၇၇ တို့ ဖြစ်ပါတယ်။ ဒီဗိုလ်ချုပ်နှစ်ဦးနဲ့ တပ်မ နှစ်ခုဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်မှုမှာ အဓိက တာ၀န်ရှိသူတွေ ဖြစ်ပါတယ်။
အမေရိကန်အစိုးရဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ သူတို့ပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားပါတယ်။
“အာဏာသိမ်းခေါင်းဆောင်တွေ၊ အကြမ်းဖက်မှု ကျူးလွန်သူတွေကို အရေးယူသွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိက၀တ်ကို ဆက်လက်စောင့်ထိန်းသွားမယ်ဆိုတာ ဒီကနေ့ပိတ်ဆို့မှုကနေ ခိုင်မာတဲ့သတင်းစကား ပေးလိုက်တာ ဖြစ်ပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။
ပိတ်ဆို့ခံရသူတွေဟာ အမေရိကန်မှာ ပိုင်ဆိုင်မှုရှိရင် ခေတ္တ အသိမ်းခံရမှာဖြစ်ပြီး၊ အမေရိကန်နိုင်ငံသားတွေကိုလည်း သူတို့နဲ့ ဆက်ဆံမှုမလုပ်ဖို့ တားမြစ်မှာ ဖြစ်ပါတယ်။
တပ်မ ၃၃ နဲ့ ၇၇ တို့ဟာ ပြည်သူတွေကို တရားလက်လွတ် ပစ်ခတ်သတ်ဖြတ်နေတယ်လို့ အမေရိကန် ဘဏ္ဏာရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ဒီအဖွဲ့တွေဟာ ထရပ်ကားတွေကိုစီးပြီး ပြည်သူတွေရဲ့ နေအိမ်တွေအပါအ၀င် မြင်မြင်သမျှကို ကျည်အစစ်တွေနဲ့ တရားလက်လွတ် ပစ်ခတ်တဲ့ ဗီဒီယိုတွေကို တွေ့ရပါတယ်”
ခြေမြန်တပ်မ ၃၃ နဲ့ ၇၇ တို့ဟာ တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်မှုတွေကြောင့် အရင်ကတည်းက နာမည်ဆိုးရှိတဲ့ တပ်ဖွဲ့တွေ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုကြောင့် အမေရိကန်က ပိတ်ဆို့အရေးယူမှုလုပ်ထားတဲ့ တပ်မ ၂ ခုမှာ တပ်မ ၃၃ ပါ၀င်ပါတယ်။
ဥရောပသမဂ္ဂကလည်း အာဏာသိမ်းစစ်ကောင်စီက အဖွဲ့၀င် ၁၁ ဦးကို မနေ့က ပိတ်ဆို့မှုတွေ ထပ်လုပ်ခဲ့ပါတယ်။
Ref: Reuters
Comments