မတ် ၂၅၊ ၂၀၂၁
M-Media
-အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ ဧရာမ စီးပွားရေးလုပ်ငန်းနှစ်ခုကို အမည်ပျက်စာရင်းသွင်းပြီး ပိတ်ဆို့အရေးယူဖို့ အမေရိကန်က စီစဉ်နေတယ်လို့ ဒီကိစ္စကို သိရှိသူ သတင်းရင်းမြစ်နှစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာ့ ဦးပိုင်လုပ်ငန်း (MEHL) တို့ဖြစ်ပြီး ဒီစီးပွားရေးလုပ်ငန်းနှစ်ခုရဲ့ အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ကြာသာပတေးနေ့က စတင်ပြီး ကန်အစိုးရက ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။
MEHL ရဲ့ မန်နေဂျာ လှမျိုးက လက်ရှိမှာ စီးပွားရေးကိုပဲ အာရုံစိုက် လုပ်ကိုင်နေပြီး ဒီကိစ္စအတွက် ပြောစရာမရှိဘူးလို့ ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့ပါတယ်။ MEC ကိုတော့ ဆက်သက်သွယ်လို့ မရဘူးလို့ ရိုက်တာက ရေးပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်းစစ်ခေါင်းဆောင်တွေ အုပ်စီးထားတဲ့ MEC နဲ့ MEHL တို့ဟာ ကျောက်စိမ်း၊ ရေနံ၊ သဘာ၀ဓာတ်ငွေ့၊ ကျွန်းသစ်၊ သတ္တုတွင်းလုပ်ငန်း၊ ဘီယာနဲ့အရက်လုပ်ငန်း အပါအဝင် မြန်မာနိုင်ငံရဲ့ဝင်ငွေအကောင်းဆုံး စီးပွားရေးလုပ်ငန်း အနည်းဆုံး ၁၃၀ လောက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
အမေရိကန်အပါအဝင် အနောက်နိုင်ငံတစ်ချို့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ပိတ်ဆို့အရေးယူတာမျိုး လုပ်ထားပေမယ့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို အရေးယူတာဟာ ဒါ ပထမဆုံး ဖြစ်ပါတယ်။
Ref: Reuters
Comments