ဧပြီ ၁၊ ၂၀၂၁
M-Media
-အာဏာသိမ်းစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူတာတွေကို ကန့်ကွက်တယ်လို့ လုံခြုံရေးကောင်စီမှာ တရုတ်နိုင်ငံက ပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို လိုလားတယ်လို့ ဆိုပါတယ်။
မြန်မာအရေးနဲ့ပတ်သက်ပြီး ဗြိတိန်ရဲ့ တိုက်တွန်းမှုကြောင့် မနေ့က လုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအ၀ေး ကျင်းပခဲ့တာ ဖြစ်ပါတယ်။
တရုတ် သံအမတ် ကျန်းကျွင်းက မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အမြန်ဆုံး ဆက်လက်ဖြစ်ထွန်းဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဘုံအကျိုးစီးပွား ဖြစ်ပါတယ်။ နိုင်ငံအတွင်း မတည်ငြိမ်မှုတွေ ရေရှည်ဖြစ်နေမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ဒေသတစ်ခုလုံးအတွက် ဘေးအန္တရာယ် ဖြစ်လာပါလိမ့်မယ်”
စီးပွားရေးပိတ်ဆို့မှုတွေက အခြေအနေတွေကို ပိုမိုရှုပ်ထွေးစေလိမ့်မယ်လို့လည်း ကျန်းကျွင်းက ဆိုပါတယ်။
“တစ်ဖက်သက် ဖိအားတွေ၊ ပိတ်ဆို့မှုလုပ်ဖို့ တိုက်တွန်းတာတွေက အခြေအနေကို ပိုမိုတင်းမာလာစေပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ရှုပ်ထွေးမှုတွေသာ ဖြစ်လာစေမှာပါ။ ဘာကောင်းကျိုးမှ မရှိပါဘူး”
Ref: AFP
Comments