ဧပြီ ၂၊ ၂၀၂၁
M-Media
-အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်နေတာနဲ့ပတ်သက်ပြီး ကမ္ဘာ့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ရှုတ်ချပြောဆိုလိုက်ပါတယ်။
အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်ကောင်စီက ဖြိုခွင်းရာမှာ ရပ်ကွက်ထဲ၊ နေအိမ်တွေထဲဝင်ပြီး မြင်သမျှပစ်ခတ်တာကြောင့် ကလေးငယ်တွေအပါအဝင် ၂ လအတွင်း လူပေါင်း ၅၂၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရသူ ထောင်ချီရှိနေပြီး၊ ပျောက်နေတာတွေလည်း အများအပြား ရှိနေတာပါ။
ဒီလိုအကြမ်းဖက်မှုဟာ ပိုမိုမြင့်တက်လာခဲ့ပြီး ကုလသမဂ္ဂ ကလေးသူငယ်များအဖွဲ့ဖြစ်တဲ့ Save the Children က လွန်ခဲ့တဲ့ ၁၂ ရက်အတွင်း ကလေးငယ်တွေ သတ်ဖြတ်ခံရမှု အရေအတွက်ဟာ ၂ ဆအထိ မြင့်တက်လာတယ်လို့ ပြောကြားခဲ့ပါတယ်။
“ကလေးငယ်တွေကို မထိခိုက်စေဖို့ တိုက်တွန်းမှုတွေ အကြိမ်ကြိမ် လုပ်ဆောင်နေပေမယ့် လူသေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုတွေကို ကလေးငယ်တွေအပေါ်မှာပါ ဆက်လက် ပစ်မှတ်ထား လုပ်ဆောင်နေတာကို မြင်ရတာ တုန်လှုပ်မိပါတယ်။ ဘေးအန္တရာယ်ကင်းရမယ့် နေအိမ်လိုနေရာမျိုးမှာ ကလေးငယ် တော်တော်များများ အသတ်ခံရတယ်ဆိုတာ တော်တော့်ကို ကြောက်စရာပါ” လို့ အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch (HRW) ကတော့ စစ်ကောင်စီက တရားလက်လွတ် ဖမ်းဆီးပြီး ဘယ်နေရာမှာ ထိန်းသိမ်းသိမ်းထားလဲဆိုတာ မိသားစုဝင်တွေကို မပြောတာ၊ ရှေ့နေငှားခွင့် မပေးတာတွေကို ဝေဖန်ခဲ့ပါတယ်။
“တရားလက်လွတ် ဖမ်းဆီးတာတွေ၊ အဓမ္မခေါ်ဆောင်သွားတာတွေကို စစ်ကောင်စီက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ကြောက်ရွံ့လာအောင် လုပ်ဆောင်နေပုံ ရပါတယ်” လို့ HRW ရဲ့ အာရှဆိုင်ရာဒါရိုက်တာ ဘရဒ်အဒမ်က ပြောပါတယ်။
ဒီလိုရက်စက်ကြမ်းကြုတ်မှုတွေအပေါ်မှာ စီးပွားရေးအရ အရေးယူဆောင်ရွက်တာတွေလုပ်ဖို့၊ မတရား ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးရေး တောင်းဆိုဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို သူက ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။
Ref: AFP
Comments