ဧပြီ ၅၊ ၂၀၂၁
M-Media
-မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှု ရပ်တန့်ပြီး အရပ်သားအစိုးရ ပြန်တက်လာဖို့ တရုတ်က မကူညီပေးရင် ရေရှည်မှာ မြန်မာနိုင်ငံက တရုတ်ရဲ့ အကျိုးစီးပွားတွေ အန္တရာယ်ရှိနိုင်တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်က အာဏာသိမ်းမှု၊ အဲဒီနောက်ပိုင်း စစ်ကောင်စီက ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေမှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့အပါအဝင် အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချခဲ့ပေမယ့် တရုတ်ကတော့ နှုတ်ဆိတ်နေပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးကိုသာ လိုလားတယ်လို့ ပြောကြားထားပါတယ်။
ဗြိတိန် တတ်သိပညာရှင်များအဖွဲ့ Chatham House က အာရှ-ပစိဖိတ်ရေးရာ သုတေသနပညာရှင် ဂါရက်သ် ပရိုက်စ်က ဘယ်သူအာဏာရရ အဆင်ပြေတယ်လို့ တရုတ်အစိုးရက ထင်နေပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်တွေက ရေရှည်မှာ တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီရဲ့အကြမ်းဖက်မှုကြောင့် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ပြီး ဒီအတွက် တရုတ်ဖက်က ဘာမှ ထုတ်ပြန်တာမျိုး မရှိပေမယ့် မတ်လအတွင်း ရန်ကုန်က တရုတ်စက်ရုံတစ်ချို့ မီးလောင်တဲ့ကိစ္စမှာတော့ ချက်ခြင်း စာထုတ်ပြီး ဆန္ဒပြသူတွေက မီးရှို့တာဖြစ်ကြောင်း၊ သူတို့အကျိုးစီးပွားကို ကာကွယ်ပေးဖို့နဲ့ မီးရှို့သူတွေကို အရေးယူဖို့ စစ်ကောင်စီကို တိုက်တွန်းကြောင်း ပြောကြားခဲ့ပါတယ်။
“သူတို့ရဲ့ စီးပွားရေးအကျိုးစီးပွား အန္တရာယ်ရှိလာမှုကို တရုတ်ဖက်က စိတ်ပျက်လာတာကို ကြည့်ရင် အရင်က ရှုပ်ထွေးခဲ့တဲ့ တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် အာဏာသိမ်းမှုက အဓိက စမ်းသပ်မှုတစ်ခု ဖြစ်လာပါတယ်” လို့ ဘေးအန္တရာယ်ဆိုင်ရာ အကြံပေးအဖွဲ့ Verisk Maplecrof က အာရှရေးရာကျွမ်းကျင်သူ ကာဟို ယူက ပြောပါတယ်။
တရုတ်ဟာ စင်ကာပူပြီးရင် မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံပါ။ တရုတ်ရဲ့ Belt and Road စီမံကိန်းအတွက် မြန်မာနိုင်ငံက အရေးပါသလို၊ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ပေးတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေဟာ သူ့တို့ရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သလို၊ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အထောက်အကူဖြစ်စေဖို့ တရုတ်က မျှော်လင့်နေတယ်လို့ ယူက ပြောပါတယ်။
“အိမ်နီးချင်းမြန်မာနိုင်ငံမှာ စီးပွားရေးပြိုလဲရင် လူမှုရေး မတည်မငြိမ်မှုနဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေ ဖြစ်လာပြီး နယ်စပ် ယူနန်ပြည်နယ်ရဲ့ နိုင်ငံရေးတည်ငြိမ်မှုကိုပါ ခြိမ်းခြောက်လာနိုင်တယ်လို့ တရုတ်က ယူဆထားပါတယ်”
တရုတ်အစိုးရဟာ မြန်မာစစ်တပ်နဲ့ရော ဖြုတ်ချခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရနဲ့ပါ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိပါတယ်။
တတ်သိပညာရှင်များအဖွဲ့ Chatham House အာရှရေးရာပညာရှင် ပရိုက်စ်က စီးပွားရေးအပြင် ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်းကြောင့်လည်း မြန်မာနိုင်ငံဟာ တရုတ်အတွက် အလွန်အရေးပါနေတယ်လို့ ထောက်ပြပါတယ်။ အဲဒီပိုက်လိုင်းကြောင့် ပင်လယ်ဓားပြရန်ကြောက်ရတဲ့ မလာကာရေလက်ကြားကို ရှောင်ပြီး ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ကို တရုတ်က ဘေးကင်းကင်း ရယူနိုင်တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မြန်မာနိုင်ငံမှာ အခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း နှစ်နိုင်ငံဆက်ဆံရေးကို ဆက်လက်မြှင့်တင်သွားမယ်လို့ ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဘယ်သူအာဏာရရ ဆက်ဆံရေးကောင်းအောင် ကြိုးစားမယ်ဆိုတဲ့ တရုတ်ရဲ့ ရပ်တည်ချက်ဟာ မှားယွင်းတဲ့ ရပ်တည်ချက်မျိုးဖြစ်တယ်လို့ ပရိုက်စ်က ထောက်ပြပါတယ်။
“စစ်တပ်က အာဏာလက်လွှတ်ရရင် တရုတ်ဆန့်ကျင်ရေးသဘောထားတွေ ပိုမိုမြင့်တက်လာပြီး တရုတ်ရဲ့ မဟာဗျူဟာ အကျိုးစီးပွားကို ခြိမ်းခြောက်တဲ့အထိ ဖြစ်လာပါလိမ့်မယ်”
ဒါ့ကြောင့် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို ရပ်တန်ဖို့ တရုတ်က ကူညီလုပ်ဆောင်ပေးသင့်ပြီး ဒါဟာ ရေတိုမှာ တရုတ်ရဲ့ အကျိုးစီးပွား ထိခိုက်ကောင်း ထိခိုက်နိုင်ပေမယ့် ရေရှည်မှာ အကျိုးကျေးဇူး ပိုရလိမ့်မယ်လို့ ပရိုက်စ်က ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီက အာဏာလက်လွှတ်ဖို့ ရည်ရွယ်ချက်မရှိပေမယ့် တရုတ်က မထောက်ခံရင် အာဏာဆက်ကိုင်ထားဖို့ မလွယ်လောက်ဘူးလို့လည်း သူက ဆိုပါတယ်။
“ကမ္ဘာမှာ တရုတ်ရဲ့ အခန်းကဏ္ဍ ကျယ်ပြန့်လာတာနဲ့အမျှ မတူညီတဲ့ အာဏာရှင်အစိုးရတွေအကြောင်း ခွဲခြားသိမြင်ပြီး မှန်ကန်စွာ သုံးသပ် တုန့်ပြန်နိုင်ဖို့ တရုတ်အစိုးရက လေ့လာသင်ယူသင့်ပါတယ်။ ကြားမဝင်ရေး မူဝါဒတစ်ခုတည်းနဲ့ မိတ်ဆွေ များများစားစား မရနိုင်ဘူးဆိုတာကို တရုတ်က သတိပြုသင့်ပြီး ဒီမူဝါဒကြောင့် အမြတ်ထွက်မယ်ဆိုရင်လည်း အနာတစ်ဖက်နဲ့ထွက်တဲ့ အမြတ်မျိုးသာ ဖြစ်မှာပါ”
Ref: CNBC
Comments