ဧပြီ ၁၀၊ ၂၀၂၁
M-Media
-မြန်မာ့အရေး ကူညီဖြေရှင်းပေးဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာဟာ မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်လာပါတယ်။
မြန်မာနိုင်ငံကို လာရောက်ဖို့ စစ်ကောင်စီကို ဆက်သွယ်ခဲ့ပေမယ့် လက်မခံခဲ့ဘူးလို့ ဘာဂီနာက Twitter မှာ ရေးသားခဲ့ပါတယ်။
“ဆွေးနွေးဖို့အတွက် ဘန်ကောက်ကို အခုပဲ ရောက်ပါတယ်။ ကျွန်မကို လက်ခံတွေ့ဆုံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ တပ်မတော်က အကြောင်းပြန်တဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ ဆွေးနွေးညှိနှိုင်းဖို့အတွက် ကျွန်မ အသင့်ဖြစ်နေပါပြီ။ ငြိမ်းချမ်းရေးအတွက် ရေရှည်တည်တံ့တဲ့အဖြေကို အကြမ်းဖက်မှုနဲ့ ဘယ်တော့မှ မရပါဘူး”
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဘာဂီနာဟာ ကာကွယ်ဆေး ၂ ကြိမ် ထိုးထားသူဖြစ်တဲ့အတွက် ၇ ရက် ကွာရန်တင်းဝင်ရမှာ ဖြစ်ပြီး အဲဒီနောက်မှာ ထိုင်းအစိုးရ ဒုတိယဝန်ကြီးချုပ်၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ တွေဆုံဆွေးနွေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံက အခြေအနေအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဘာဂီနာဟာ အရှေ့တောင်အာရှက အခြားနိုင်ငံတွေနဲ့လည်း မြန်မာ့အရေး ဆွေးနွေးဖို့ ရှိနေပါတယ်။
Ref : AFP
Comments