ဧပြီ ၁၂၊ ၂၀၂၁
M-Media
-ရမ်ဇာန်ဥပုသ်လ မြင့်မြတ်ရာ ဝတ်ကျောင်းတော်တွေမှာ အွမ္မရာဟ် ဘုရားဖူးခရီးစဉ်နဲ့ နေ့စဉ် ဝတ်ပြုဆုတောင်းမှုတွေအတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ လမ်းညွှန်ချက်တွေကို ဆော်ဒီအစိုးရက ထုတ်ပြန်လိုက်ပါတယ်။
မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်တွေ၊ မြင့်မြတ်ရာနေရာတွေကို ဝင်ရောက်ပြီး အွမ္မရာဟ်ပြုချင်သူတွေ၊ ဝတ်ပြုဆုတောင်းချင်တဲ့သူတွေဟာ ကိုဗစ်ကာကွယ်ဆေးကို ၂ ကြိမ်ထိုးထားတယ်ဆိုတဲ့ အထောက်အထား ပြနိုင်ရမှာဖြစ်ပါတယ်။
အွမ္မရာဟ်ခရီးစဉ်အတွက် Tawakkalna နဲ့ Eatmarna အက်ပလီကေးရှင်းတွေကနေသာ လျှောက်ထားနိုင်မှာပါ။ မက္ကာမြို့လယ်တစ်၀ိုက်ကို မှတ်ပုံတင်ထားတဲ့ ကားကလွဲလို့ ဘယ်ကားမှ အဝင်မခံဘဲ မြင့်မြတ်ရာနေရာတွေမှာ ဝတ်ပြုဆုတောင်းလိုတဲ့သူတွေအနေနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ခံယူနိုင်ရေး အချိန်မီလာရောက်ရမယ်လို့ ဆော်ဒီအစိုးရက ထုတ်ပြန်ထားပါတယ်။
ကိုဗစ်အန္တရာယ်ကြောင့် မြင့်မြတ်ရာနေရာတွေထဲကို ကလေးငယ်တွေ လာခွင့်ပြုမှာမဟုတ်ပါဘူး။ တရားဝင် လျှောက်ထားခြင်းမရှိဘဲ အွမ္မရာဟ်ပြုလုပ်သူတွေအနေနဲ့ ဆော်ဒီရီယဲလ် တစ်သောင်း (ကန် ၂၆၆၇၁ ဒေါ်လာ) ဒဏ်တပ်ခံရမှာ ဖြစ်ပါတယ်။
နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေမှာ သာရာဝီ ဝတ်ပြုဆုတောင်းမှုကို မိနစ် ၃၀ အတွင်း အပြီး ပြုလုပ်ရမှာ ဖြစ်ပါတယ်။
မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်တွေကို လာရောက်ကြသူတွေအနေနဲ့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ် လိုက်နာဖို့ ဆော်ဒီအစိုးရက တိုက်တွန်းနှိုးဆော်ထားပါတယ်။
(ဓာတ်ပုံ – မက္ကာမြို့ရှိ မြင့်မြတ်ရာ ကအ်ဘာဝတ်ကျောင်းတော်ရှေ့တွင် အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးများ ကိုဗစ်စည်းကမ်းနှင့်အညီ ဝတ်ပြုဆုတောင်းနေစဉ်)
Ref: Arab News
Comments