ဧပြီ ၁၈၊ ၂၀၂၁
M-Media
-အရှေ့အလယ်ပိုင်းက ရန်ဘက်နှစ်နိုင်ငံဖြစ်တဲ့ အီရန်နဲ့ ဆော်ဒီအာရေဗျတို့က အကြီးတန်း အစိုးရအရာရှိတွေဟာ အီရတ်နိုင်ငံမှာတွေ့ဆုံကာ သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
နှစ်ဖက်ဆက်ဆံရေး ဆိုးရွားခဲ့ပြီးနောက် အီရန်နဲ့ ဆော်ဒီတို့ဟာ လွန်ခဲ့တဲ့ ၄ နှစ်က သံတမန်အဆက်အသွယ် ဖြတ်ခဲ့ကြတာပါ။
ဧပြီလ ၉ ရက်နေ့ ဘဂ္ဂဒတ်က ဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးမှုဖြစ်ပြီး ယီမင်က အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီအဖွဲ့ ဆော်ဒီအာရေဗျ စက်ရုံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့တိုက်ခိုက်မှုအကြောင်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆော်ဒီကိုယ်စားလှယ်အဖွဲ့ကို ထောက်လှမ်းရေးအကြီးအကဲ ခါလစ် ဘင် အလီ အလ်-ဟူမိုင်ဒန်က ဦးဆောင်ပြီး နောက်ထပ်ဆွေးနွေးပွဲတွေ ထပ်လုပ်ဖို့လည်း စီစဉ်ထားတယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဖက်အစိုးရက ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
လက်ဘနွန်က ပြည်တွင်းရုပ်သံနှစ်ခုကတော့ ဒီလိုဆွေးနွေးတာ မဟုတ်ဘူးလို့ အီရန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြပါတယ်။
ယီမင်ပြည်တွင်းစစ်မှာ ဆော်ဒီပါဝင်နေတာကို တုန့်ပြန်တဲ့အနေနဲ့ ဟူသီအဖွဲ့ဟာ ဆော်ဒီက စက်ရုံတွေ၊ စစ်တပ်အဆောက်အဦးတွေကို တိုးမြှင့်တိုက်ခိုက်နေတာပါ။ အီရန်ဟာ ဟူသီတွေကို လက်နက်ထောက်ပံ့ပေးထားတယ်လို့ ဆော်ဒီအာရေဗျက စွပ်စွဲထားပါတယ်။
ယီမင်စစ်ပွဲကို အမေရိကန်က အဆုံးသတ်ချင်နေပြီး အီရတ်ဝန်ကြီးချုပ် မွတ်စ်တာဖာ အလ်-ကဒ်ဟီမီဟာ ပြီးခဲ့တဲ့လက ဆော်ဒီအာရေဗျကို သွားရောက်ကာ ဒီကိစ္စအတွက် ဆော်ဒီတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
Ref: Financial Times
Comments