မေ ၁၊ ၂၀၂၁
M-Media
-မြန်မာနိုင်ငံမှာ ဘာသာလူမျိုးပေါင်းစုံ မကြုံစဖူး စည်းလုံးညီညွတ်လာတာကြောင့် စစ်ခေါင်းဆောင်တွေဟာ အာဏာစုစည်းဖို့ ခက်ခဲနေတယ်လို့ ကုလအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာက ပြောကြားလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာလုပ်ခဲ့တဲ့ မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအ၀ေးမှာ စစ်ကောင်စီဥက္ကဌအပါအ၀င် အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုအကြောင်း အစီရင်ခံစာကို မနေ့က ကုလသမဂ္ဂ လုံခြုံရးကောင်စီ အထူးအစည်းအ၀ေးမှာ ဘာဂီနာက တင်သွင်းခဲ့ပါတယ်။
ဘာဂီနာဟာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဂျကာတာမှာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကို ၀င်ခွင့်ရရေး တောင်းဆိုခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းမှာ အနည်းဆုံး လူ ၂ သောင်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရသူ အရေအတွက်ကတော့ တစ်သောင်းနီးပါး ရှိတယ်လို့ ဘာဂီနာက ပြောပါတယ်။
ပြည်သူအားလုံးရဲ့ ညီညွတ်မှုကြောင့် စစ်ခေါင်းဆောင်တွေဟာ အခုအချိန်အထိ အာဏာကို တည်ဆောက်လို့မရသေးဘူးလို့လဲ သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ဒီမိုကရေစီကို မျှော်လင့်တောင့်တတဲ့ ဘုံရပ်တည်ချက်ကြောင့် ဘာသာမတူသူတွေ၊ လူမျိုးမတူသူတွေ၊ လူ့အဖွဲ့အစည်းပေါင်းစုံက မြန်မာပြည်သူတွေအားလုံးဟာ အရင်က မရှိခဲ့ဘူးတဲ့ပုံစံမျိုးနဲ့ စည်းလုံးညီညွတ်လာခဲ့ကြပါတယ်။ ဒီလို စည်းလုံးညီညွတ်မှု အားကောင်းလာတာကြောင့် စစ်တပ်ဟာ အာဏာကို စုစည်းဖို့၊ အာဏာသိမ်းမှုကို တည်ငြိမ်အောင်လုပ်ဖို့မှာ မမျှော်လင့်တဲ့ အခက်အခဲတွေကို ကြုံနေရပါတယ်”
ဘာဂီနာဟာ မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့အတွက် ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့လကတည်းက ရောက်ရှိနေတာဖြစ်ပါတယ်။
Ref: The Straits Times
Comments