မေ ၆၊ ၂၀၂၁
M-Media
-မြန်မာနိုင်ငံရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ‘ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)’ ဖွဲ့စည်းကြောင်း မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ကို ထောက်ခံတဲ့သူတွေ တိုက်ခိုက်ခံရမှုကနေ ကာကွယ်ပေးဖို့နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီအစိုးရကို စုစုစည်းစည်းနဲ့ ဆန့်ကျင်ဖို့ ဖြစ်ပါတယ်။
ဒီတပ်ဖွဲ့ဟာ ဖက်ဒရယ်စစ်တပ်ဖွဲ့စည်းရေး ရှေ့ပြေးဖြစ်တယ်လို့ NUG က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပြီး၊ ‘နှစ်ပေါင်း ၇၀ ကြာမြင့်နေတဲ့ ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေး လုံခြုံရေးကဏ္ဍကို ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့’ မိမိတို့မှာ တာဝန်ရှိတယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။
“ကျမတို့ ဒီနေ့ မေလ ၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ကို စဖွဲ့လိုက်ပါတယ်၊ တကယ်တော့ ဒီတပ်ကို ကာလအတော်ကြာကတည်းက စတင်ဖွဲ့စည်းထားတာပါ၊ လူအင်အား လက်နက် အင်အားဆိုတဲ့နေရာမှာ လေ့ကျင့်ရေးက အရေးကြီးတာကြောင့် လေ့ကျင့်ရေးအတွက် အများကြီး ပြင်ဆင်ထားပြီးဖြစ်ပါတယ်” လို့ NUG ရဲ့ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးက RFA သတင်းဌာနကို ပြောပါတယ်။ သူတို့ရဲ့ဝန်ကြီးဌာနအောက်မှာ ‘လက်နက်ရရှိရေးဌာန’ ကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။
PDF ဟာ အာဏာသိမ်းအဖွဲ့က အဓမ္မ ဖြုတ်ချလိုက်တဲ့ NLD အစိုးရ လွှတ်တော်အမတ်တွေ ဖွဲ့စည်းထားတဲ့ CRPH အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်တဲ့ အဖွဲ့တွေက ဧပြီလ ၁၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ NUG ရဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်လာမှာ ဖြစ်ပါတယ်။
NUG ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိရေး စစ်ကောင်စီနဲ့ ယှဉ်ပြိုင်ဖို့ ရည်ရွယ်နေပြီး၊ အန္တိမရည်မှန်းချက်က ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး၊ စစ်တပ်ကို မြန်မာ့နိုင်ငံရေးကနေ ဖယ်ထုတ်ရေး၊ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်ပါတယ်။ NUG ရဲ့ ကြေငြာချက်မှာတော့ PDF ဟာ မြန်မာနိုင်ငံက များပြားလှတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်းပြီး ဘုံရပ်တည်ချက်အောင်မြင်အောင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နိုင်မယ့် ဖက်ဒရယ်စစ်တပ် ပေါ်ပေါက်လာရေးအတွက် ရှေ့ပြေးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ပြည်မကိုဆန့်ကျင်တဲ့ တိုင်းရင်းသားလူနည်းစုတွေရှိရာ မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေမှာ ကာလအတော်ကြာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခကို ပိုမိုဆိုးရွားသွားစေခဲ့ပါတယ်။ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ထောင်နဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာကာ ထိုင်းနိုင်ငံဖက်ကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးရတာတွေ ဖြစ်လာပါတယ်။ အခုသီတင်းပတ်အစောပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်ဖက်ရဟတ်ယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ KIO က သတင်းထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် အချို့တိုင်းရင်းသား လက်နက်ကိုင်တွေက စစ်တပ်ရဲ့ ဖိနှိပ်ညှမ်းပမ်းမှုကြောင့် ပြည်မကနေ ထွက်ပြေးလာရတဲ့ တက်ကြွလှုပ်ရှားသူတွေကို နေစရာပေးတာ၊ စစ်သင်တန်းပေးတာတွေ လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ တစ်ခြားနေရာတွေမှာ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းတာကြောင့် ဒေသခံအခြေပြု ပြည်သူ့စစ်အဖွဲ့တွေ ပေါ်ပေါက်လာပြီး စစ်သားတွေ အထိနာအောင် တော်လှန်တိုက်ခိုက်တာမျိုး ရှိလာပါတယ်။
လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေအားလုံးကို ခြုံကြည့်လိုက်ရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့ အရင်က နိုင်ငံတစ်ဝှမ်းမှာ ရှိပြီးသားတော်လှန်ရေးကို အသုံးချပြီး စည်းလုံးညီညွတ်မှုဖော်ဆောင်ဖို့ PDF က ရည်ရွယ်နေတယ်ဆိုတာကို ပြနေပါတယ်။
ပြောရရင် တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်ဟာ အာရှမှာ စစ်လက်နက်ပစ္စည်း အပြည့်အစုံ တပ်ဆင်ထားတဲ့ စစ်တပ်တွေထဲက တစ်ခုဖြစ်သလို နိုင်ငံတစ်ဝှမ်းက တိုင်းရင်းသားလက်နက်ကိုင်အင်အား အားလုံးထက် အဆများစွာ အင်အားကြီးပါတယ်။ ခန့်မှန်းတွက်ချက်မှုတစ်ခုအရ တိုင်းရင်းသားလက်ကိုင်အရေအတွက် စုစုပေါင်း ၇၅၀၀၀ ကနေ ၇၈၀၀၀ လောက်သာ ရှိပြီး မြန်မာစစ်တပ်ရဲ့အင်အားက ၃ သိန်းခွဲဝန်းကျင် ရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြို့ပြမှာ ပြည်သူတွေက ဆန္ဒပြနေကြတဲ့အချိန် နိုင်ငံရဲ့ အစွန်းအဖျားဒသေတွေမှာ တိုင်းရင်းသားတွေက ပူးပေါင်းထိုးစစ်ဆင်တာမျိုး လုပ်ပြီး၊ စစ်ကောင်စီအပေါ် နိုင်ငံတကာက မထောက်ခံစေရေး ရည်ရွယ်တဲ့ နိုင်ငံရေးအရ ကြိုးပမ်းအားထုတ်မှုတွေ ထပ်ပိုးပေးလိုက်ရင် စစ်တပ်ရဲ့လွှမ်းမိုးမှု ကျဉ်းမြောင်းသွားနိုင်ပါတယ်။
PDF ကနေ ဖက်ဒရယ်စစ်တပ် အောင်မြင်စွာ ဖွဲ့စည်းရေး၊ တပ်မတော်ကို ခြိမ်းခြောက်ဖို့ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုအဆင့်တစ်ခုရဖို့ တိုက်တွန်းအားပေးရေး လုပ်ဆောင်ဖို့ သွားရမယ့်ခရီးက ရှည်လျားပါတယ်။ ပြီးခဲ့တဲ့ ၃ လကို ကြည့်ရင် စစ်တပ်နဲ့ သူတို့ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တယ်ဆိုတဲ့ ဘုံသဘောထားမှာ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် အများစုက သွားတူကြပါတယ်။ ဒါပေမယ့် အပြုသဘောဆောင်တဲ့ ရည်ရွယ်ချက်တွေကို သူတို့ကြားမှာ ဘယ်လောက်အထိ ညီအောင်ညှိနှိုင်မလဲဆိုတာကတော့ သိပ်မရေရာသေးပါဘူး။
အဖွဲ့အစည်းတစ်ခုချင်းစီတိုင်းမှာ ကိုယ်ပိုင်ရည်မှန်းချက်တွေ၊ ပင်ကိုယ်အရည်အသွေးတွေ၊ ပြည်မနဲ့ ထိတွေ့ဆက်ဆံတဲ့ သမိုင်းကြောင်းတွေ ရှိကြပါတယ်။ KIA နဲ့ KNU တို့က NGU နဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုကို တက်တက်ကြွကြွ ထောက်ခံအားပေးပေမယ့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ အခြားအဖွဲ့တွေကတော့ ပါးစပ်က ထောက်ခံတယ်ပြောကာ လက်တွေ့မှာ ထင်သာမြင်သာတဲ့ ဆောင်ရွက်မှုမျိုး မတွေ့ရပါဘူး။ မြန်မာနိုင်ငံအနောက်ပိုင်းက ထင်ရှားတဲ့ AA နဲ့ အခြားအဖွဲ့တွေကလည်း NUG နဲ့ အရင် NLD အစိုးရတို့အပေါ်မှာ မယုံကြည်မှု ရှိနေတုန်းပါ။
ဒီလို မတူညီတဲ့ အဖွဲ့အစည်းတွေ တူညီတဲ့ ဘုံရပ်တည်ချက် ရရှိအောင် ချဉ်းကပ်ဆောင်ရွက်ရာမှာ ကာလရှည် အသေးစိတ် ညှိနှိုင်းဆွေးနွေးရတာမျိုး ရှိလာမှာပါ။
စစ်ကောင်စီအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ ကမ္ဘာတစ်ဝှမ်း အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်လောက်က ဗုဒ္ဓဟူးနေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းတဲ့ အချိန်နဲ့ တိုက်ဆိုင်စွာပဲ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီဟာ ကလေးငယ်တွေ၊ လမ်းသွားလမ်းလာတွေ အပါအဝင် အနည်းဆုံး လူပေါင်း ၇၆၉ ဦးကို သတ်ဖြတ်ပြီး “လူ့အသက်ပေါ် တန်ဖိုးမထားမှု” ကို ပြသနေတာကြောင့် ဒီလိုအခြေအနေမျိုးမှာ “ဘယ်နိုင်ငံကမှ စစ်ကောင်စီကို ကျည်ဆံတစ်တောင့် မရောင်းသင့်ဘူး” လို့ ဒီအဖွဲ့အစည်းတွေက ပြောကြားခဲ့ပါတယ်။
လက်နက်ရောင်းချမှု ပိတ်ပင်တာဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုမြင့်တက်လာတဲ့အပေါ် လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ရမယ့် အနိမ့်ဆုံးအဆင့် ဖြစ်တယ်လို့လည်း ဒီအဖွဲ့အစည်းတွေက ဆိုပါတယ်။
Ref: The Diplomat
(The Diplomat တွင် ဖော်ပြထားသည့် Can Myanmar’s New ‘People’s Defense Force’ Succeed? ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)
Comments