မေ ၁၅၊ ၂၀၂၁
M-Media
-ရိုက်နှက် ကန်ကျောက်ခံရပြီး၊ လိင်အကြမ်းဖက်မှုလည်း ခံရပါတယ် – စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတဲ့ ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ယောက် အချုပ်နဲ့ စစ်ကြောရေးမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်အချို့ ခံစားခဲ့ရတဲ့ အခြေအနေတွေကို ပြန်ပြောင်းပြောပြတာပါ။
အသက် ၁၇ နှစ်အရွယ် မချောနဲ့ မိခင်ဖြစ်သူတို့ဟာ ဧပြီလ ၁၄ ရက်နေ့က မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်မှာ လုံခြုံရေးတပ်ဖွဲ့တွေကို ထူထူထပ်ထပ် ချထားတာပါ။
မနက်ပိုင်းဆန္ဒပြမှုကအပြန် သူငယ်ချင်းတစ်ယောက်အိမ်ကို လမ်းလျှောက်သွားနေတဲ့အချိန် စစ်ကားနှစ်စီးက သူတို့ကို တားခဲ့တယ်လို့ မချောက ပြောပါတယ်။
“မျက်နှာကို မြေကြီးနဲ့ထိအောင်အထိ သူတို့က ကျွန်မတို့ကို အဓမ္မ ခေါင်းငုံ့ခိုင်းခဲ့တာ”
အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တဲ့ သူမဟာ အလုံပိတ်ခန်းတွေထဲမှာ ရဲတပ်ဖွဲ့ရဲ့ ညှင်းပမ်းနှိပ်စက်မှုကို ခံခဲ့ရတယ်လို့ ထွက်ဆိုတဲ့ အခြားအမျိုးသမီးတွေနဲ့အတူ ကြောက်ရွံမှု၊ စိုးရိမ်ကြောင့်ကြမှုတွေကို ၆ ရက်ကြာ ဖြတ်သန်းခဲ့ရပါတယ်။
စစ်ကြောရေးလုပ်တဲ့အချိန် ရဲအရာရှိတစ်ဦးရဲ့ ဗလက္ကာရလုပ်မှုကို ခံခဲ့ရတယ်လို့ မချောက ပြောပါတယ်။
သူမဟာ ဧပြီ ၂၀ ရက်နေ့က ပြန်လွတ်လာတာပါ။ သူမရဲ့ မိခင်ကတော့ ကံမကောင်းခဲ့ဘဲ အင်းစိန်ထောင်ကို ပို့ဆောင်ခြင်း ခံလိုက်ရပါတယ်။
“အမေက ကျွန်မရဲ့ တစ်ဦးတည်းသော မိသားစုပါပဲ။ အမေ့ အသက်အန္တရာယ်နဲ့ပတ်သက်ပြီး ကျွန်မ တော်တော်လေး စိုးရိမ်မိပါတယ်”
ပြန်လွတ်လာဖို့အတွက် အချုပ်ထဲမှာ နှိပ်စက်ညှင်းပမ်းမခံရဘူးဆိုတဲ့ ခံဝန်ကို လက်မှတ်ထိုးခဲ့ရတယ်လို့ သူမက ပြောပါတယ်။
“သူတို့လုပ်တာတွေကို ဗြောင်လိမ်ခိုင်းတာ။ ဘယ်လိုမှ လက်မခံနိုင်စရာကိစ္စ၊ မမျှတတဲ့ ကိစ္စပါပဲ”
ဗလက္ကာယနှင့် ညှင်းပမ်းမှု
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရပြီး အချုပ်ထဲ၊ အကျဉ်းထောင်တွေထဲမှာ ဆင်းရဲဒုက္ခံနေရတဲ့ အရပ်သား ၃၈၀၀ ကျော် ရှိတယ်လို့ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖွဲ့ (AAPP) က ပြောပါတယ်။ အဲဒီအထဲမှာ မချောနဲ့ မိခင်တို့လည်း ပါဝင်ပါတယ်။
နိုင်ငံတစ်ဝှမ်း ဖမ်းဆီးခံထားရသူတွေရဲ့ အခြေအနေတွေ ဘယ်လိုရှိလဲဆိုတာ သိပ်မသိရဘဲ လွတ်လာတဲ့သူတွေကလည်း ဒီကိစ္စကို သိပ်မပြောကြပါဘူး။
သူမနဲ့ မိခင်ဖြစ်သူကို ပထမဆုံး မြို့နယ်ရဲစခန်း ခေါ်သွားပြီး အဲဒီမှာ သီးခြား စစ်ကြောခဲ့တယ်လို့ မချောက ပြောပါတယ်။
“ရဲအရာရှိတစ်ယောက်က ကျွန်မခန္ဓာကိုယ်ကို လာကိုင်ပြီး သတ်ဖြတ် ဖျောက်ဖျက်ပစ်လိုက်လို့ရကြောင်း ပြောတယ်။ ကျွန်မ သူ့လက်ကို တွန်းသာ မဖယ်ခဲ့ရင် သူ ဆက်ကိုင်နေအုံးမှာပဲ”
မိခင်ဖြစ်သူကတော့ စစ်ကြောနေစဉ်အတွင်း ပါး ၂ ချက် ရိုက်ခံရတယ်လို့ သူမက ဆိုပါတယ်။
နောက်တစ်ရက်မှာတော့ သူတို့ကို ရန်ကုန်မြို့မြောက်ဖက် ဆင်ခြေဖုံးဒေသက စစ်ကြောရေးစခန်းကို ခေါ်သွားပြီး တစ်ကိုယ်လုံး ဖူးယောင်နေတဲ့သူတွေအပါအဝင် အခြားအမျိုးသမီးတွေနဲ့ ဆုံခဲ့ရပါတယ်။
နိုင်ငံခြားသားတစ်ယောက်နဲ့ ကြိုက်နေတဲ့ အမျိုးသမီးတစ်ဦးကိုဆိုရင် စကားမပြောနိုင်၊ ထမင်းမစားနိုင်လောက်အောင် ရိုက်နှက် နှိပ်စက်ထားတယ်လို့ မချောက ပြောပါတယ်။
“အဲ့အမကို ကြက်ဥကျော်နဲ့ ထမင်းသာ ကြွေးလို့ရပါတယ်။ စစ်ကြောရေးမှာ မိန်းမကိုယ်ကို ခြေထောက်နဲ့ အကန်ခံထားရတဲ့အတွက် ဆီးမသွားနိုင်ဘူးလို့ အဲ့ဒီအမက ကျွန်မတို့ကို ပြောပြပါတယ်”
ဖြုတ်ချခံလိုက်ရတဲ့အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ‘တရားမဲ့ ဖမ်းဆီးထိန်းသိမ်းမှုအတွင်း အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကျား-မ ခွဲခြား အကြမ်းဖက်မှု ဖြစ်တယ်ဆိုတဲ့ သတင်းတွေအတွက်’ စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
“ဒီအဖြစ်အပျက်တွေဟာ မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကျား-မခွဲခြား အကြမ်းဖက်မှုတွေရဲ့ အကင်းလေးသာ ရှိပါသေးတယ်။ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခဖြစ်ရာ တိုင်းရင်းသား လူနည်းစုဒေသတွေက အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေအပေါ် ဒီလိုကျူးလွန်မှုမျိုးကို သူတို့ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး အရေးယူမှုလည်း မခံရပါဘူး” လို့ NUG က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
သတ်ဖြတ်မည်ဟု ခြိမ်းခြောက်
မချောနဲ့အတူ ထိန်းသိမ်းရေးစခန်း တစ်ခုထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ အခြားအမျိုးသမီးတစ်ဦးကလည်း ဒီလိုအတွေ့အကြုံမျိုးကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။ သူတို့ရဲ့ ပြောဆိုချက်တွေဟာ ထိလွယ်ရှလွယ်တဲ့အတွက် ဒီအမျိုးသမီး နှစ်ဦးစလုံးရဲ့ အမည်တွေကို လွှဲပြီး ဖော်ပြထားပါတယ်။
သူမနဲ့ အခြား အမျိုးသမီး ၄ ဦးဟာ တောင်ဥက္ကလာပမြို့နယ်မှာ ဆန္ဒပြနေစဉ်အတွင်း ဖမ်းဆီးခံလိုက်ရတယ်လို့ ငွေသဇင်ဆိုတဲ့ အဲဒီ့အမျိုးသမီးက ပြောပါတယ်။
“အိပ်ထဲမှာ နှာခေါင်းစည်းအနက် ပါတဲ့အတွက် မျက်နှာကို အကန်ခံရတယ်” လို့ သူမကပြောပြီး လုံခြုံရေးတပ်ဖွဲ့တွေက သူမကို ယုတ်ယုတ်မာမာ ဆဲဆိုကြိမ်းမောင်းတယ်လို့ ဆိုပါတယ်။
အဲဒီအမျိုးသမီးတွေဟာ မချောကိုထားရှိတဲ့ ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခံခဲ့ရပါတယ်။ ရဲတွေက လက်ထိပ်ကို တင်းတင်းကြပ်ကြပ် ခတ်ထားတာကြောင့် လက်မှာအနာဖြစ်ပြီး အမာရွတ်ကျန်ခဲ့တယ်လို့ မငွေသဇင်က ပြောပါတယ်။
“ဘယ်သူမှမသိအောင် သတ်ပြီး ဖျောက်ဖျက် ပစ်လိုက်လို့ရတယ်လို့ ကျွန်မတို့ကို ခြိမ်းခြောက်ပါတယ်”
လမ်းမလျှောက်နိုင်လောက်အောင် ညှင်းပမ်းနှိပ်စက်ခံထားရတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို သူမရဲ့ ၃ ညတာ ဖမ်းဆီးထိန်းသိမ်းခံရမှုမှာ တွေ့ခဲ့ရတယ်လို့ မငွေသဇင်က ဆိုပါတယ်။
“အခြားသူတွေရှေ့မှာ ရိုက်နှက်ညှင်းပမ်းတာမျိုး မလုပ်ပါဘူး။ ဒါပေမယ့် တစ်ယောက်ချင်း စစ်မေးခံရပြီဆိုရင် ဖူးယောင်ပြီး ထွက်လာတာပါပဲ”
မချောနဲ့ ငွေသဇင်တို့ရဲ့ ပြောကြားမှုကို AFP သတင်းဌာနက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒီကိစ္စအတွက် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကို AFP သတင်းဌာနက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
လူမှုဖူလှုံရေးဝန်ကြီးအဖြစ် စစ်ကောင်စီကခန့်ထားပြီး ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးတုန့်ပြန်ရေး အမျိုးသားကော်မတီရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဒေါ်သက်သက်ခိုင်ကိုတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
စစ်ကောင်စီတပ်အနေနဲ့ အမျိုးသမီးတွေကို စစ်ကြောရာမှာ အနည်းဆုံးတော့ အမျိုးသားရဲတွေအစား အမျိုးသမီးရဲတွေကို အသုံးပြုလို့ရတယ်လို့ မငွေသဇင်က ထောက်ပြပါတယ်။
“ကျွန်မတို့ရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံရပြီး၊ ဂုဏ်သိက္ခာတွေ စော်ကားခံရတာပါ။ ကျွန်မတို့မှာ ဘာအခွင့်အရေးမှ မရှိဘဲ သူတို့လက်ခုပ်ထဲက ရေလိုပါပဲ”
Ref: AFP
Comments