မေ ၁၆၊ ၂၀၂၁
M-Media
-စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာရသူတွေကို ပြန်လွှတ်မှာမဟုတ်ဘဲ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးသွားမယ်လို့ ထိုင်း၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြောကြားလိုက်ပါတယ်။
ပရာယွတ်ဟာ သောကြာနေ့က ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုစားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
ဆွေးနွေးပြီးနောက်ပိုင်း ထုတ်ပြန်တဲ့ ကြေငြာချက်မှာ မြန်မာနိုင်ငံက ထွက်ပြေးလာရသူတွေကို ထားရှိဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် နယ်စပ်မှာ နေရာထိုင်ခင်းတွေ ပိုမိုစီစဥ်ပေးထားတယ်လို့ ဖော်ပြထားပါတယ်။
“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို ဆောင်ကျဥ်းပေးနိုင်ရေးအတွက် အသုံး၀င်တဲ့ သတင်းအချက်အလက်တွေကို နားထောင်ကာ မျှ၀ေဖလှယ်သွားဖို့ ထိုင်းနိုင်ငံက အဆင်သင့် ရှိပါတယ်”
ဘာဂီနာက မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကိုရှေ့ရှူပြီး ငြိမ်းချမ်းစွာ အဖြေရှာဖို့ကိစ္စမှာ ထိုင်း၀န်ကြီးချုပ်၊ နိုင်ငံခြားရေး၀န်ကြီးတို့နဲ့ အလွန် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သူမရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနကလည်း သူတို့၀န်ကြီးနဲ့ ဘာဂီနာတို့ဟာ မြန်မာ့အရေး အဖြေရှာဖို့ကိစ္စမှာ ကုလသမဂ္ဂ၊ အာဆီယံနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံတို့ရဲ့ အရေးပါမှုကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Ref: The Star
Comments