မေ ၁၇၊ ၂၀၂၁
M-Media
-စစ်ကောင်စီတပ်ကို လက်နက်ပေးပို့မှု ချက်ခြင်းရပ်ဆိုင်းရေး ဆုံးဖြတ်ချက်ချမှတ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ပြင်ဆင်နေပါတယ်။
ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန်တို့က ကျောထောက်နောက်ခံပြုပြီး လက်ချင်စတိန်းနိုင်ငံက တင်သွင်းမယ့် ဒီဆုံးဖြတ်ချက်မူကြမ်းကို မနက်ဖြန်ပြုလုပ်မယ့် အစည်းအဝေးမှာ အတည်ပြုမှာဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံအားလုံး တစ်ညီတစ်ညွတ်တည်း အတည်မပြုနိုင်ရင် မဲခွဲဆုံးဖြတ်မှာပါ။
‘လက်နက်၊ ခဲယမ်း၊ စစ်ဖက်ဆိုင်ရာ ပစ္စည်းအားလုံး မြန်မာစစ်တပ်ကို တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေ ပေးပို့တာ၊ ရောင်းချတာ၊ လွှဲပြောင်းပေးအပ်တာကို ချက်ခြင်းရပ်ဆိုင်းရေး’ ဆုံးဖြတ်ချက်မူကြမ်းမှာ တိုက်တွန်းထားပါတယ်။
ဒီဆုံးဖြတ်ချက်မူကြမ်းကို ၄၈ နိုင်ငံစုပေါင်း ဆွေးနွေးနေတာ သီတင်းပတ်အနည်းငယ် ကြာမြင့်နေပြီဖြစ်ပြီး အဲဒီနိုင်ငံတွေထဲမှာ အာရှက တောင်ကိုရီးယားတစ်နိုင်ငံတည်းသာ ပါဝင်ပါတယ်။
အရေးပေါ်အခြေအနေကြေငြာထားမှု ရုပ်သိမ်းရေး၊ ပြည်သူတွေအပေါ် အကြမ်းဖက်မှု ချက်ခြင်းရပ်တန့်ရေး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံး လွှတ်ပေးရေး ဆုံးဖြတ်ချက်မူကြမ်းမှာ စစ်ကောင်စီကို တိုက်တွန်းထားသလို၊ အာဆီယံထိပ်သီးအစည်းအဝေးက ရရှိခဲ့တဲ့ အချက် ၅ ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ရေးကိုလည်း ဆော်ဩထားပါတယ်။
Ref: South China Morning Post
Comments