မေ ၂၉၊ ၂၀၂၁
M-Media
-Frontier Myanmar သတင်းဌာနက အမေရိကန်နိုင်ငံသား ဂျာနယ်လစ်ကို ဖမ်းဆီးထားမှုအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ အမေရိကန်ကအစိုးရက မနေ့မှာ ပြောကြားခဲ့ပြီး ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
Frontier Myanmar ဟာ လွတ်လပ်တဲ့ သတင်းဌာနတစ်ခုဖြစ်ပြီး ဂျာနယ်လစ် ဒန်နီယဲလ် ဖန်စတာက အယ်ဒီတာအဖြစ် တာဝန်ယူထားတာပါ။ တနင်္လာနေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူကိုသွားဖို့ စီစဉ်နေစဉ် ရန်ကုန်လေဆိပ်မှာ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံး တာဝန်ရှိသူတွေ ဖန်စတာကိုတွေ့ခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီက တွေ့ခွင့်မပြုဘူးလို့ ဆိုပါတယ်။
အသက် ၃၇ နှစ်အရွယ် ဖန်စတာကို စစ်ကောင်စီက ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကို ပို့ထားပြီး ဘာ့ကြောင့်ဖမ်းဆီးလဲဆိုတာ မသိသေးသလို၊ အဆက်အသွယ်လည်းမရသေးဘူးလို့ Frontier Myanmar က တနင်္လာနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဖန်စတာနဲ့ အခြားဂျာနယ်လစ်တွေကို ဖမ်းဆီးမှု၊ အကြမ်းဖက်မှုတွေဟာ စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် လက်မခံနိုင်ဖွယ်ရာ တိုက်ခိုက်မှုဖြစ်တယ်လို့ အမေရိကန်အစိုးရက ပြောကြားခဲ့ပါတယ်။
“ဒီဖမ်းဆီးမှုအပေါ် အလွန်အမင်း စိုးရိမ်မိပါတယ်။ သူ့ကို လွှတ်ပေးဖို့အတွက် စစ်ကောင်စီကို ကျွန်တော်တို့ ဖိအားပေးထားပြီး၊ မိသားစုထံကို အန္တရာယ်ကင်းစွာ ပြန်မရောက်မချင်း ဒီလိုဖိအားပေးမှုကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ” လို့ အစိုးရတာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။
ထိန်းသိမ်းထားစဉ်အတွင်းမှာ ဖန်စတာကို ကောင်းမွန်စွာ ထားရှိရေး၊ သံရုံးတာဝန်ရှိသူတွေကို ဖန်စတာနဲ့တွေ့ခွင့်ပေးရေး စစ်ကောင်စီကို အမေရိကန်အစိုးရက တိုက်တွန်းထားပါတယ်။
Ref: Reuters
Comments