ဇွန် ၆၊ ၂၀၂၁
M-Media
-အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်းနေအိမ်တွေ အဓမ္မ လုယူသိမ်းပိုက်ခံရမှုကို တားဆီးနိုင်ရေး ဆောင်ရွက်နေတဲ့ ပါလက်စတိုင်းအမျိုးသမီးတစ်ဦးကို အစ္စရေးတပ်ဖွဲ့တွေက ဒီကနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် မူနာ အလ်-ကာ့ဒ်ဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ အရှေ့ဂျေရုစလင်က ရှိခ်ဂျာရာဒေသမှာ ဂျူးအခြေချနေထိုင်သူတွေ ပါလက်စတိုင်းနေအိမ်တွေကို သိမ်းပိုက်အပိုင်စီးနေမှုကို တွန်းလှန်နေသူပါ။
အစ္စရေးရဲတပ်ဖွဲ့ဟာ အလ်-ကာ့ဒ်ကို နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့ပြီး၊ သူမရဲ့ အမွှာမောင် မိုဟာမက်ကို ရဲစခန်းလာရောက် အဖမ်းခံဖို့ နို့တစ်စာပေးသွားတယ်လို့ ဖခင်ဖြစ်သူ နဘီလ် အလ်-ကာ့ဒ်က ပြောပါတယ်။
အလ်-ကာ့ဒ်နဲ့ သူမရဲ့မောင်တို့ဟာ လွန်ခဲ့တဲ့ ၃ လကစတင်ကာ #SaveSheikhJarrah အမည်နဲ့ ဆိုရှယ်မီဒီယာမှာ ကမ်ပိန်းတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။ ဂျူးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေကို အဓမ္မ ဝင်ရောက်အပိုင်စီးနေထိုင်မှုကို တားဆီးဟန့်တားဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
အလ်-ကာ့ဒ်နဲ့ မောင်နှမတွေရဲ့ ကြိုးပမ်းမှုကြောင့် ဒီကမ်ပိန်းဟာ အောင်မြင်ခဲ့ပြီး ပါလက်စတိုင်းတွေရဲ့ နယ်မြေတွေ လုယူခံရမှုကို ကမ္ဘာတစ်ဝှမ်းက ပိုမို အာရုံစိုက်လာကြပါတယ်။
အရှေ့ဥရောပက ဝင်ရောက်လာတဲ့ဂျူးတွေ ပါလက်စတိုင်းပိုင်နက်မှာ လက်နက်ကိုင်ပြီး အစ္စရေးနိုင်ငံထူထောင်တဲ့ ၁၉၄၈ ခုနှစ်ကတည်းက ပါလက်စတိုင်းတွေဟာ တစ်စတစ်စ နယ်မြေဆုံးရှုံးလာခဲ့တာ ဖြစ်ပါတယ်။
Ref: Aljazeera
Comments