ဇွန် ၁၃၊ ၂၀၂၁
M-Media
-မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ပြည်သူလူထုအပေါ် အကြမ်းဖက်နေတာကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဂျပန်အထက်လွှတ်တော်မှာ မနေ့က တစ်ညီတစ်ညွတ်တည်း အတည်ပြုလိုက်ပါတယ်။
အောက်လွှတ်တော်မှာလည်း ပြီးခဲ့တဲ့တစ်ပတ်က အလားတူဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့ပြီး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေး နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်သွားဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
အထက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မှာ ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းမှုတွေ၊ မျှော်လင့်ချက်တွေကို နင်းခြေဖျက်ဆီးပစ်လိုက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် လက်ရှိ စစ်တပ်က ဖော်ဆောင်ထားတဲ့ အစိုးရကို လုံး၀ အသိအမှတ်မပြုကြောင်းလည်း ဆုံးဖြတ်ချက် ဆိုပါတယ်။
“အကြမ်းဖက်မှု ဆက်ဖြစ်နေပြီး လူတွေအများအပြား အသတ်ခံနေရတာ၊ ညှင်းပမ်းခံနေရတာတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်နေတာကို ချက်ခြင်းရပ်တန့်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ စစ်ခေါင်းဆောင်တွေကို တိုက်တွန်းပါတယ်”
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံရေးစနစ် အမြန်ဆုံး ပြန်လည်ထွန်းကားလာရေး သံတမန်နည်းလမ်းတွေ၊ အခြားနည်းလမ်းတွေကို အသုံးပြု ဆောင်ရွက်သွားမယ်လို့လည်း အထက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အကူအညီအများအပြားပေးနေတဲ့ နိုင်ငံဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ရှေ့ဆက် အကူအညီပေးတော့မှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
Ref: The Daily Star
Comments