ဇွန် ၁၄၊ ၂၀၂၁
M-Media
-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီရဲ့ စွဲချက်တွေဟာ မှန်ကန်မှုမရှိဘဲ၊ တရားစီရင်မှုကလည်း မျှတမှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က ပြောကြားလိုက်ပါတယ်။
ရှေ့နေငှားခွင့် ကန့်သတ်ခံရတာ၊ အာဏာသိမ်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ တရားရုံးမှာ တရားစီရင်တာတွေကြောင့် ဒေါ်ဆောင်ဆန်းစုကြည်ဟာ မျှတတဲ့ တရားစီရင်မှုမျိုး ရဖွယ်မရှိဘူးလို့ HRW အာရှဆိုင်ရာ လက်ထောက်ဒါရိုက်တာ ဖီလ် ရောဘတ်ဆန်ရဲ့ ဒီကနေ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေဟာ မှန်ကန်မှုမရှိဘဲ၊ ၂၀၂၀ နိုဝင်ဘာက သူမရဲ့ ရွေးကောက်ပွဲ တောင်ပြိုကမ်းပြို အနိုင်ရမှုကို ပယ်ဖျက်ဖို့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒီစွဲချက်တွေအားလုံးကို ရုပ်သိမ်းပြီး သူမကို ချွင်းချက်မထားဘဲ ချက်ခြင်း ပြန်လွှတ်ပေးရပါမယ်”
အရင်က ၁၅ နှစ်လောက် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ကိုဗစ်စည်းကမ်းဖောက်ဖျက်မှု၊ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ၊ စတာတွေနဲ့ စစ်ကောင်စီက တရားစွဲဆိုထားပြီး အခုတစ်ပတ်ကစလို့ တစ်ပတ် ၂ ရက် အပတ်စဉ် ရုံးချိန်းနဲ့ စစ်ဆေးဖို့ ပြင်ဆင်နေပါတယ်။
ရောဘတ်ဆန်က အခုစွဲချက်တွေဟာ အစသာရှိသေးပြီး ဒေါ်အောင်ဆန်းစုကြည် အပြင်ပြန်ထွက်မလာဖို့အတွက် စစ်ကောင်စီက အခြားအမှုတွေ ဆက်တွဲမှာဖြစ်ကြောင်း၊ ဒါဟာ အနာဂတ်မှာ စစ်တပ်ကို ပခုံးချင်း ယှဉ်မလာနိုင်ရေး သူမနဲ့ သူမရဲ့ NLD ပါတီကို ဖယ်ရှားဖို့ စစ်တပ်ရဲ့ ကြိုးပမ်းမှုဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: HRW
Comments