ဇွန် ၂၆၊ ၂၀၂၁
M-Media
-စစ်ကောင်စီတပ်တွေက ပြည်သူတွေပေါ် နှိပ်ကွပ်မှုမှာ အလွန်အမင်း စိုးရိမ်ဖွယ်ရာကောင်းတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို တွေ့ရတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။
ကုလအတွင်းရေးမှူးရဲ့ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု စောင့်ကြည့်ဖော်ထုတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ပရာမီလာ ပက်တန်က သောကြာနေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ခဲ့တာပါ။
အဲဒီကြေငြာချက်မှာ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်တင်ပြထားပါတယ်။
အချုပ်ခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုကို အထူးအလေးထားဖော်ပြထားပြီး ဒီလိုအကြမ်းဖက်မှုကို ချက်ခြင်းရပ်တန့်ဖို့၊ ဒီသတင်းတွေနဲ့ပတ်သက်ပြီး လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
“တိုင်းရင်းသားနဲ့ ဘာသာရေးလူနည်းစုက အမျိုးသမီးတွေအပေါ်၊ အမျိုးသမီးဖြစ်ခြင်းကို အခြေခံပြီး တစ်ဦးတစ်ယောက်ချင်းစီအပေါ် တပ်မတော်စစ်သားတွေက ကျူးလွန်တဲ့ လိင်ကြမ်းဖက်မှုကို ကုသမဂ္ဂက အချက်အလက်ရှာဖွေရေးအဖွဲ့က စုဆောင်းမှတ်တမ်းတင်ထားပြီး ဒါတွေဟာ အလွန်စိုးရိမ်ကောင်းတဲ့ ကိစ္စတွေပါ”
ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဖြစ်ပွားတာကို တားဆီးရေး မြန်မာအစိုးရနဲ့ ကုသမဂ္ဂအကြား ၂၀၁၈ ခုနှစ်မှာ ရရှိခဲ့တဲ့ သဘောတူညီချက်ကို အာဏာသိမ်းစစ်ကောင်စီက ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်လို့လည်း ပက်တန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုကြောင့် ထိခိုက်ခံစားရသူတွေထံကို ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ အခြားအကူအညီတွေရောက်ဖို့ ခက်ခဲလာကြောင်း၊ အခက်အခဲတွေရှိနေပေမယ့် တတ်နိုင်ငံသမျှကူညီနေတဲ့ နိုင်ငံအတွင်းက အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေတဲ့အဖွဲ့တွေကို ချီးကျူးကျေးဇူးတင်ကြောင်းလည်း ပက်တန်က ပြောကြားခဲ့ပါတယ်။
Ref: VOA
Comments