ဇွန် ၂၈၊ ၂၀၂၁
M-Media
-လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မငြိမ်သက်မှုတွေဟာ တိုင်းပြည်ကို ဖျက်ဆီးလိုတဲ့ အနောက်နိုင်ငံတွေရဲ့ ခြေထိုးမှုကြောင့် ဖြစ်တယ်လို့ မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူ ၉၀၀ ကျော် ရှိနေပါပြီ။ စစ်ကောင်စီအဖွဲ့ရဲ့ ထင်ရာဆိုင်းမှုကြောင့် ဘဏ်လုပ်ငန်းနဲ့ စီးပွားရေးကဏ္ဍ ပြိုလဲလုနီးနီး ဖြစ်လာသလို၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ ကုန်သွယ်ရေး၊ ဂီတ အနုပညာ၊ မီဒီယာ စသဖြင့် ကဏ္ဍအားလုံးမှာ နိမ့်ကျ ပျက်ဆီးသွားပါတယ်။
ရုရှားသတင်းဌာန Sputnik နဲ့ အင်တာဗျူးမှာတော့ ဒါတွေအားလုံးဟာ အနောက်နိုင်ငံတွေရဲ့ လက်ချက်ဖြစ်ပြီး၊ သူတို့ကြိုးဆွဲလို့ရသူတွေကိုသာ တိုင်းပြည်ကို အုပ်ချုပ်စေချင်ကြတယ်လို့ ဖြေကြားခဲ့ပါတယ်။
“အစပိုင်းမှာ ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။ မဲမသမာမှုကြောင့် ဒီဆန္ဒပြမှုတွေ ဖြစ်လာတာပါ။ အဲဒီနောက်မှာ ဆန္ဒပြမှုတွေက အကြမ်းဖက်ဝါဒအသွင် ဆောင်လာတယ်။ ဒီထဲမှာ အခြားအကြောင်းအရာတွေလည်း ပါဝင်ပါတယ်။ ဆန္ဒပြသူတွေရဲ့ နောက်ဆုံးရည်ရွယ်ချက်က တိုင်းပြည်ရဲ့ ပြည်တွင်းရေးကို အခြားတိုင်းပြည်တွေ ဝင်ရောက် ခြယ်လှယ်စေချင်တာပါ။ အခြားတိုင်းပြည်တွေဝင်လာဖို့အတွက် တိုင်းပြည် မတည်မငြိမ်ဖြစ်ဖို့ သူတို့လိုအပ်နေပါတယ်”
ပြီးခဲ့တဲ့တစ်ပတ်က စစ်ကောင်စီဥက္ကဌရဲ့ ရုရှားခရီးစဉ်မှာ ဒီမိုကရေစီကို ထိန်းသိမ်းဖို့ အာဏာသိမ်းလိုက်ရတာဖြစ်ကြောင်း၊ ၂ နှစ်အတွင်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမှာဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
Ref: Sputnik
Comments