ဇူလိုင် ၆၊ ၂၀၂၁
M-Media
- စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို စစ်ကောင်စီက တုန့်ပြန်ရာမှာ တိုင်းရင်းသားဒေသတွေမှာ အသုံးပြုခဲ့တဲ့ ‘ဖြတ် ၄ ဖြတ်’ နည်းစနစ်ကို အသုံးပြုနေတယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည်သူတွေ၊ နိုင်ငံရေးကျွမ်းကျင်သူတွေက ထောက်ပြပြောဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ခိုက်မှုမြင့်တက်လာသလို၊ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF လည်း ပေါ်ပေါက်လာကာ နိုင်ငံတစ်ဝှမ်း စစ်ကောင်စီပစ်မှတ်တွေကို တိုက်ခိုက်မှု လုပ်ဆောင်လာပါတယ်။
ဒီတိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ်တွေက တုန့်ပြန်ရာမှာ အရပ်ဖက်နေရာတွေကို မြင်မြင်ရာပစ်ခတ်တာကြောင့် နိုင်ငံတစ်ဝှမ် အနည်းဆုံး လူပေါင်း ၂၃၀၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ လုယက်တာ၊ နေအိမ်တွေကို မီးရှို့တာ၊ အရေးပေါ် အကူအညီပေးရေး လုပ်ငန်းတွေကို နှောက်ယှက်ဟန့်တားတာ၊ သောက်သုံးရေ၊ ဆက်သွယ်ရေးတွေ ဖြတ်တောက်ပိတ်ဆို့တာ၊ ဘေးလွတ်ရာမှာ ခိုလှုံတဲ့သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလည်း လုပ်ဆောင်ပါတယ်။
ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပရိုဂရမ်ဒါရိုက်တာ နော်ထူးထူးက စစ်ကောင်စီတပ်တွေရဲ့ အခုလုပ်ရပ်တွေဟာ တိုင်းရင်းသားလူမျိုးစုတွေအပေါ် ၁၉၆၀ ပြည့်နှစ်လောက်က စတင်လုပ်ဆောင်ခဲ့တဲ့ ‘ဖြတ် ၄ ဖြတ်’ နည်းလမ်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“တပ်မတော်က ဖြတ် ၄ ဖြတ်ဆိုတဲ့ စကားလုံးကို မသုံးတော့ပါဘူး။ ဒါပေမယ့် ဗျူဟာကတော့ တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်း ၇၀ ကျော် အသုံးပြုလာခဲ့တဲ့ ဖြတ် ၄ ဖြတ်ဗျူဟာနဲ့ တစ်ပုံစံတည်းပါပဲ”
လက်နက်ကိုင်အဖွဲ့တွေရဲ့ ရိက္ခာလမ်းကြောင်း၊ ငွေကြေးအထောက်အပံ့၊ သတင်းအချက်အလက်စီးဆင်းမှု၊ လူသစ်စုဆောင်းမှုတွေကို ဖြတ်တောက်တဲ့ ဒီ ဖြတ် ၄ ဖြတ် ဗျူဟာကို စစ်တပ်က အဓိကရင်းမြစ်သဖွယ် အသုံးပြုပြီး၊ အရပ်သားတွေကတော့ ဘက်စုံ ထိခိုက်ပျက်ဆီးတယ်လို့ မြန်မာနိုင်ငံက လုံခြုံရေးနဲ့ ပဋိပက္ခတွေကို လေ့လာနေတဲ့ ပညာရှင် ကင် ဂျိုလီဖီက ပြောပါတယ်။
“စစ်တပ်ဟာ ပြည်သူတွေကို တိုက်ရိုက်ပစ်မှတ်ထား အကြမ်းဖက်ရုံသာမကဘဲ သူတို့ရဲ့ ဘ၀ရှင်သန်မှုတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ ပြည်သူတွေဆီမှာ မှီခိုလို့မရအောင်၊ အထောက်အပံ့မရအောင် ဒီလိုလုပ်တာ ဖြစ်ပါတယ်”
မတ်လအတွင်း မကွေးတိုင်းဒေသကြီး ကန့်ဂေါမြို့နယ်က PDF အဖွဲ့ရဲ့ တူမီးလက်နက်ကိုင်တော်လှန်မှုကို တုန့်ပြန်ရာမှာ စစ်ကောင်စီတပ်တွေက ဖောက်ခွဲရေးပစ္စည်းတွေ၊ စစ်သေနတ်တွေနဲ့ အရပ်ဖက်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီး နေအိမ်တွေကို ဝင်ရောက်လုယက်တာတွေ ရှိခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွင်း လူ ၄ ဦး သေဆုံးကာ တစ်သောင်းလောက် ထွက်ပြေးခဲ့ရပါတယ်။
ဇွန်လအတွင်း ပေါက်မြို့နယ်က အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ကင်းမရွာမှာဆိုရင် စစ်ကောင်စီတပ်တွေက မီးတင်ရှို့ခဲ့တာကြောင့် တစ်ရွာလုံး ပြာကျခဲ့ပါတယ်။
အာဏာမသိမ်းခင်ကာလတွေက တည်ငြိမ်အေးချမ်းခဲ့တဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက နေရာတစ်ချို့မှာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးအဖွဲ့တွေက လက်နက်ကိုင်တော်လှန်ခဲ့ပြီး စစ်ကောင်စီတပ်တွေကလည်း ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီဟာ အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို လက်နက်ကြီးတွေ၊ သေနတ်တွေနဲ့ မြင်မြင်သမျှ ပစ်ခတ်ခိုက်ခိုကတာကြောင့် အနည်းဆုံး လူ ၁ သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရကာ အနီးအနားကတောထဲမှာ ဝင်ရောက်ခိုလှုံနေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
ကယားပြည်နယ်မှာ စစ်ရှောင်တွေခိုလှုံနေတဲ့ ခရစ်ယာန်ဘုရားကျောင်းကိုပါ စစ်ကောင်စီတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ ကားပြည်နယ်နဲ့ ရှမ်းပြည်နယ်က တိုက်ခိုက်မှုဖြစ်ပွားရာ နေရာတွေမှာ အတိဒုက္ခရောက်နေသူတွေကို ကူညီလို့မရအောင်လည်း စစ်ကောင်စီက ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ထားပါတယ်။
အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုကို ဖြိုခွင်းရာမှာ ဖြတ် ၄ ဖြတ်နည်းလမ်းအသုံးပြုနေလားဆိုတဲ့ အလ်ဂျာဇီးရားသတင်းဌာနရဲ့ မေးမြန်းမှုကို စစ်ကောင်စီဖက်က ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
လွတ်လပ်တဲ့ လေ့လာဆန်းစစ်သူ ကင် ဂျိုလစ်ဖီက စစ်ကောင်စီဟာ အများပြည်သူလူထု ဘ၀ပျက်အောင်လုပ်ပြီး တည်ငြိမ်အောင်ထိန်းဖို့ ရည်ရွယ်ထားတယ်လို့ သုံးသပ်ပါတယ်။
“ဆန့်ကျင်သူတွေကို တုန့်ပြန်ဖို့ဆိုရင် လူ့အဖွဲ့အစည်းက သူတို့ကိုမကြိုက်တဲ့သူတွေအားလုံးကို အကြမ်းဖက်အင်အားသုံးကာ ပြားပြားဝပ်နာခံလာအောင်လုပ်မှ ရမယ်ဆိုတာမျိုးကိုပဲ စစ်ကောင်စီက သိတာပါ”
နော်ထူထူးကတော့ ဖြတ် ၄ ဖြတ်နည်းလမ်းကိုသုံးတာဟာ ဆန့်ကျင်ဖက်ရလဒ်ကိုပဲ ထွက်ပေါ်စေလိမ့်မယ်လို့ သုံးသပ်ပါတယ်။
“စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ အခြားရင်းမြစ်တွေရရှိမှု အကန့်အသတ်ရှိလာတာကြောင့် ဒီနည်းလမ်းဟာ ရေတိုမှာ လက်နက်ကိုင်တော်လှန်မှုအပေါ် သက်ရောက်မှုအချို့ ရှိနိုင်ပါတယ်။ ရေရှည်မှာဆိုရင်တော့ စစ်ကောင်စီဟာ ဘယ်နေရာကိုမှ စိုးမိုးနိုင်မှာ မဟုတ်ပါဘူး”
ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကြောင့် စစ်ကောင်စီကို ပိုမို ရွံ့ရှာမုန်းတီးလာပြီး၊ သူတို့ကို အပြတ်ဖြတ်မှရမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ထားမှုကို ပိုမိုခိုင်မာလာစေတယ်လို့ စစ်ကောင်စီရဲ့ ညှမ်းပမ်းနှိပ်စက်မှုဒဏ်ကို ခံခဲ့ရသူတွေက ပြောကြားခဲ့ပါတယ်။
“ဒါမျိုးလုပ်ရပ်တွေကြောင့် စစ်တပ်ကို ဘယ်တော့မှ အကောင်းမြင်လာနိုင်တော့မှာ မဟုတ်ပါဘူး။ လယ်သမားဘ၀နဲ့ ကျွန်တော်တို့ အေးအေးချမ်းချမ်း နေချင်တာပါ။ စစ်အာဏာရှင်ကို အမြတ်မဖြတ်နိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ဘ၀တစ်သက်လုံး ဒီလိုပဲ ညှင်းပမ်းခံရမှာ ဖြစ်ပါတယ်” လို့ ကင်းမရွာသားတစ်ဦးဖြစ်တဲ့ ကိုသန်းထွန်းအောင်က ပြောပါတယ်။
မင်းတပ်ဒေသခံတစ်ဦးဖြစ်တဲ့ ဆလိုင်းရှိန်းမှာလည်း ဒီလိုသဘောထားမျိုး ရှိပါတယ်။
“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်တပ်ကို နိုင်အောင်တိုက်နိုင်ရင် ဒီဒေသကနေ မောင်းထုတ်နိုင်ရင် ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတွေ၊ လယ်ယာစိုက်ပျိုရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရပြီး၊ ပိုမိုကောင်းမွန်တဲ့ဘ၀မှာ နေထိုင်ခွင့်ရပါမယ်”
လက်နက်ကိုင်တော်လှန်ရေးဟာ စစ်တပ်ကို နာကျည်းမုန်းတီးနေတဲ့ ပြည်သူတွေထဲကနေ ပေါက်ဖွားလာတာကြောင့် ဖြတ် ၄ ဖြတ်ဗျူဟာနဲ့ နှောင့်နှေးအောင်လုပ်ဆောင်လို့ရပေမယ့် လုံး၀ရပ်တန့်လို့ ရမှာမဟုတ်ဘူးလို့လည်း ဆလိုင်းရှိန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref : Aljazeera
Comments