ဇူလိုင် ၁၄၊ ၂၀၂၁
M-Media
-ကူးစက်မြန် ကိုဗစ်ပုံပြောင်း Delta ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာတယ်လို့ အင်ဒိုနီးရှား ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
အိန္ဒိယမှာ အကြီးအကျယ် ကူးစက်ခဲ့တဲ့ ပုံပြောင်းကိုဗစ် Delta ဒဏ်ကို အင်ဒိုနီးရှားက လက်ရှိမှာ အလူးအလဲ ခံစားနေရတာ ဖြစ်ပါတယ်။ ဒီကနေ့ ကိုဗစ်ကူးစက်မှုဟာ ၅၄၀၀၀ အထိ ရှိခဲ့ပြီး ဇွန်လအစပိုင်းကထက်ယှဉ်ရင် နေ့စဉ် ကူးစက်မှုမှာ ၁၀ ဆအထိ တိုးလာတာပါ။
ကူးစက်မှု အလွန်အမင်း မြင့်တက်လာတဲ့အချိန် ဆေးရုံ မလုံလောက်တာ၊ ကျန်းမာရေးဝန်ထမ်းနဲ့ ပစ္စည်းတွေ၊ အောက်ဆီဂျင်တွေ မလုံလောက်တာကိုလည်း အင်ဒိုနီးရှားက ကြုံလာရပါတယ်။
ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ အင်ဒိုနီးရှားဟာ ဒုတိယ အိန္ဒိယ ဖြစ်လာနိုင်တဲ့အန္တရာယ်ရှိတယ်လို့ သတိပေးထားပါတယ်။
ကျန်းမာရေးဝန်ကြီး ဆာဒစ်ကင်က ပုံပြောင်းကိုဗစ် Delta ကို လူဦးရေထူထပ်တဲ့ ဂျာဗားကျွန်းအပြင်ဘက်က ပြည်နယ် ၁၁ ခုမှာ တွေ့လာရပြီး တစ်ချို့ဒေသတွေမှာ ဆေးဝါးပစ္စည်းတွေ မလုံလောက်တာကြောင့် အလွန်အမင်း စိုးရိမ်စရာကောင်းနေတယ်လို့ လွှတ်တော်ကို တင်ပြခဲ့ပါတယ်။
အရေးပေါ် တုန့်ပြန်ကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူ လူဟွတ် ဘင်ဆာရ် ပန်ဂျိုင်တန်က အောက်ဆီဂျင်ရရှိရေးကို ကောင်းမွန်စွာ စီမံခန့်ခွဲထားနိုင်ပြီး စင်ကာပူနဲ့ တရုတ်ထံကနေ အောက်ဆီဂျင်စက် ၁၅၀၀ ကျော် မှာယူထားတယ်လို့ ပြောကြားခဲ့ပါတယ်။
လောလောလတ်လတ် ဘွဲ့ရထားတဲ့ ဆရာဝန် ၂ ထောင်ကျော်နဲ့ သူနာပြု ၂ သောင်းလောက်ကိုလည်း နိုင်ငံတစ်ဝှမ်း ဖြန့်ခွဲတာဝန်ပေးဖို့ အင်ဒိုနီးရှားက စီစဉ်နေပါတယ်။
Ref: Reuters
Comments