ဇူလိုင် ၂၂၊ ၂၀၂၁
M-Media
-လေယာဉ်တွေအပါအဝင် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ရေး အာဏာသိမ်းစစ်ကောင်စီနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ရုရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီ Rosoboronexport က မီဒီယာကို ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှုကို ရုရှားက လူသိရှင်ကြား ထောက်ခံထားတာပါ။ အာဏာသိမ်းပြီးနောက်ပိုင်း မတ်လ ၂၇ ရက်နေ့မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ တပ်မတော်နေ့အခမ်းအနားကို ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီးကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံကို သွားရောက်စဉ်တုန်းကလည်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိုဂူက ရုရှားဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
မနေ့က MAKS လေကြောင်းပြပွဲမှာ Rosoboronexport အကြီးအကဲ အလက်ဇန်းဒါး မစ်ဟိဗ်က အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ မိမိတို့ရဲ့ အဓိက ဖောက်သည်တွေထဲက တစ်ဦးဖြစ်ပြီး ရုရှားအာကာလေကြောင်းကုမ္ပဏီ Rostec ရဲ့ အဓိကမိတ်ဖက်ဖြစ်တယ်လို့ Interfax သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ရုရှားဟာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေကို ခေတ်အဆက်ဆက် ကျောထောက်နောက်ခံပေးခဲ့ပြီး လက်နက်ရောင်းတာအပြင် စစ်တပ်ကို လေ့ကျင့်သင်ကြားပေးတာ၊ စစ်သားတွေကို ပညာသင်ခေါ်တာတွေပါ လုပ်ဆောင်ခဲ့ပါတယ်။
Ref: Reuters
Comments