ဇူလိုင် ၂၆၊ ၂၀၂၁
M-Media
-ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် မတည်မငြိမ်ဖြစ်ကာ ကိုဗစ်ဒဏ်ကို အလူးအလဲခံစားနေရတဲ့ မြန်မာနိုင်ငံရဲ့ အခုဘဏ္ဍာရေးနှစ်မှာ စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထုတ်ပြန်ပါတယ်။
ဒီလိုကျဆင်းမှုကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်မှု၊ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားရဖွယ် ရှိနေပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း မြန်မာနိုင်ငံက နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နောက်ကြောင်းပြန်လှည့်သွားပြီး၊ စီးပွားရေးကဏ္ဍမှာလည်း သိသိသာသာကို ကျဆင်းသွားခဲ့ပါတယ်။
“ဖေဖော်ဝါရီလ အာဏာသိမ်းမှု၊ ဇွန်လနဲ့ ဇူလိုင်လတွေမှာ အလွန်အမင်း အခြေအနေဆိုးရွားလာတဲ့ ကိုဗစ်တတိယလှိုင်းတွေဟာ စီးပွားရေးအပေါ်သိသိသာသာကို ထိခိုက်ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစတဲ့ အစောပိုင်း ကိုဗစ်ကူးစက်မှုမှာ ထိခိုက်ခဲ့တဲ့ အခြေအနေထက်ကို ပိုပြီးဆိုးရွားပါတယ်” လို့ ကမ္ဘာ့ဘဏ်ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်ဟာ ၂၀၂၀ စက်တင်ဘာကစတင်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်စနစ် ရပ်ဆိုင်းလုနီးပါးဖြစ်သွားတာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ တိုင်းပြည်ကနေ ထွက်ခွာသွားတာ၊ အစိုးရယန္တရားရပ်တန့်သွားတာတွေက စီးပွားရေးကျဆင်းမှုရဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံရဲ့ ၂၀၂၁ စီးပွားရေးဟာ ၂၀၁၉ ခုနှစ်ကထက် ၃ ပုံ ၁ ပုံ ကျုံ့သွားမယ်လို့ ဆိုပါတယ်။
“အလုပ်အကိုင် ၁ သန်းလောက် ဆုံးရှုံးနိုင်တယ်။ ဒါဟာ ၂၀၁၉ ခုနှစ် လုပ်သားအင်အားရဲ့ ၄ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ အလုပ်လုပ်ရတဲ့အချိန် လျော့သွားတာ၊ လုပ်ခလစာ အလျှော့ခံရတာတွေကြောင့် အခြားအလုပ်သမားတွေလည်း ဝင်ငွေနည်းတာကို ကြုံရဖို့ ရှိပါတယ်”
Ref: VOA
Comments