ဇူလိုင် ၂၇၊ ၂၀၂၁
M-Media
-တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Sinovac ကို နှစ်ကြိမ်ထိုးပြီးနောက် ရရှိလာတဲ့ ကိုယ်ခံစွမ်းအားဟာ ၆ လကြာတဲ့အခါမှာ ကိုဗစ်ကို မကာကွယ်နိုင်တဲ့ ပမာဏအထိ ကျဆင်းသွားနိုင်တာကို လေ့လာမှုသစ်တစ်ခုမှာ တွေ့ခဲ့ရပါတယ်။
တရုတ်နိုင်ငံ ကျန်းဆူပြည်နယ် ကပ်ရောဂါထိန်းချုပ်ရေးစင်တာနဲ့ နိုင်ငံတစ်ဝှမ်း အခြားကျန်းမာရေးအဖွဲ့အစည်းတွေက သုတေသနပညာရှင်တွေ ပေါင်းပြီး အသက် ၁၈ နှစ်ကနေ ၅၉ နှစ် ရှိသူ ၅၀၀ ကျော်လောက်ကို လေ့လာခဲ့တာပါ။
Sinovac ကာကွယ်ဆေးကို ၂ ပတ် ဒါမှမဟုတ် ၄ ပတ်ခွာကာ ၂ ကြိမ်ထိုးပေးပြီးတဲ့နောက် ၆ လအကြာ ကိုယ်ခံစွမ်းအားကို လေ့လာရာမှာ သုတေသနမှာပါဝင်သူ ၁၆.၉ ရာခိုင်နှုန်းကနေ ၃၅.၂ ရာခိုင်နှုန်းလောက်အထိသာ ကိုဗစ်တိုက်ဖျက်နိုင်တဲ့ ကိုယ်ခံစွမ်းအားမျိုး ရှိတာကို တွေ့ခဲ့ရပါတယ်။
လေ့လာမှုမှာ ပါဝင်ခဲ့တဲ့ အဖွဲ့တစ်ချို့ကို ဒုတိယတစ်ကြိမ်ထိုးပြီးနောက် ၆ လအကြာ တတိယတစ်ကြိမ် ထပ်ထိုးပြီး စမ်းသပ်ခဲ့ပါတယ်။ တတိယအကြိမ်ထိုးပြီး ၂၈ ရက်အကြာမှာ ရရှိတဲ့ ကိုယ်ခံစွမ်းအားဟာ ဒုတိယအကြိမ်ထိုးပြီး ၄ ပတ်မြောက်မှာ ပေါ်ထွက်လာတဲ့ ကိုယ်ခံစွမ်းအားထက် ၃ ဆ ကနေ ၅ ဆအထိ မြင့်တက်လာတာကိုလည်း လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။
Sinovac နှစ်ကြိမ်ထိုးပြီး ၆ လအကြာမှာရှိတဲ့ ကိုယ်ခံစွမ်းအားဟာ ပိုမိုကူးစက်လွယ်တဲ့ ပုံပြောင်းကိုဗစ်အပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိလဲဆိုတာကိုတော့ ဒီလေ့လာမှုမှာ မစမ်းသပ်ခဲ့ဘဲ တတိယတစ်ကြိမ်ထိုးပြီး ရလာမယ့် ကိုယ်ခံစွမ်းအားအကြောင်းကိုလည်း နောက်ထပ် လေ့လာမှုလုပ်ဖို့ လိုအပ်တယ်လို့ သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံ Sinovac ဆေးဟာ ကိုဗစ်တိုက်ဖျက်ရေးမှာ အမှန်တကယ် ထိရောက်မှုရှိလားဆိုတဲ့ မေးခွန်းဟာ အရင်ကတည်းက ရှိခဲ့ပြီး အာရှနိုင်ငံတစ်ချို့မှာတော့ Sinovac အစား အခြား ကိုဗစ်ကာကွယ်ဆေးကို ရွေးချယ် အသုံးပြုလာကြပါတယ်။
Ref : Reuters
Comments