ဇူလိုင် ၂၇၊ ၂၀၂၁
M-Media
-ကိုဗစ် တတိယလှိုင်းဒဏ်ကို အကြီးအကျယ်ခံစားနေရတဲ့ မြန်မာနိုင်ငံအတွက် အရေးပေါ်အကူအညီ ယူရို ၂ သန်းကို ဥရောပသမဂ္ဂက ထောက်ပံ့ပေးအပ်လိုက်ပါတယ်။
ဒီငွေကို လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေကို ပေးအပ်ခဲ့ပြီး သူတို့ကတစ်ဆင့် လူထုကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ မဟာမင်းကြီး ဂျာနက်ဇ် လီနာစစ်က အခက်အခဲ အကြပ်အတည်းကို ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေနဲ့ ဥရောပသမဂ္ဂက အတူရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
“နိုင်ငံအတွင်း ယိုယွင်းလာတဲ့ ကျန်းမာရေးစနစ်ကြောင့် ဒီထောက်ပံ့ငွေနဲ့ ကိုဗစ်ကုသဖို့ ဥရောပက အကူအညီပေးတာပါ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ဆိုးရွားတဲ့အကြမ်းဖက်မှုကို မြန်မာပြည်သူတွေက ရင်ဆိုင်နေရပြီး ကျန်းမာရေးကဏ္ဍအပေါ် ပိုမိုပစ်မှတ်ထားလာတဲ့အပေါ်မှာလည်း အလွန်ကို စိုးရိမ်မိပါတယ်။ ဒီတိုက်ခိုက်မှုတွေကို ဥရောပသမဂ္ဂက ပြင်းပြင်းထန်ထန်ရှုတ်ချပြီး နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့အညီ ကျန်းမာရေးလုပ်သားတွေကို ကာကွယ်ပေးဖို့လည်း တိုက်တွန်းပါတယ်”
မြန်မာနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေဟာ အသက်စွန့်ပြီး လူ့အသက်တွေကို ကယ်ဖို့ ကြိုးစားနေကာ သူတို့ အန္တရာယ်ကင်းကင်းနဲ့ လုပ်ငန်းတာဝန် ဆောင်ရွက်နိုင်ဖို့၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦးတွေမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ခွင့်ပြုဖို့ လိုအပ်တယ်လို့လည်း ကော်မရှင်နာမင်းကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဥရောပသမဂ္ဂက ထောက်ပံ့တဲ့ငွေကြေးကို ကိုဗစ်ကုသမှု၊ အောက်ဆီဂျင်ရရှိမှုဆိုင်ရာ ကိစ္စတွေ၊ ကိုဗစ်နဲ့ သက်ဆိုင်တဲ့ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု၊ ရှေးဦးသူနာပြုမှု၊ သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး စတဲ့ နေရာတွေမှာ အသုံးပြုရမှာ ဖြစ်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ မြန်မာနိုင်ငံက ပြည်သူတွေကို ထောက်ပံ့ဖို့အတွက် အခုနှစ်အတွင်း ဥရောပသမဂ္ဂဟာ ယူရိုသန်း ၂၀.၅ သန်း သီးသန့် ထောက်ပံ့ပေးထားပါတယ်။
Ref: Relief Web
Comments