ဇူလိုင် ၃၁၊ ၂၀၂၁
M-Media
-အာဏာသိမ်းပြီးနောက် ၆ လအတွင်းမှာ စစ်ကောင်စီတပ်တွေဟာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes Against Humanity) များစွာ ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ကြောင့် ကလေးငယ် ၇၅ ဦး အပါအဝင် အရပ်သား ၉၀၀ ကျော် သေဆုံးခဲ့ပြီး၊ ဖမ်းဆီးခံရသူ ထောင်ချီ ရှိနေပါတယ်။ စစ်ကောင်စီ တပ်တွေဟာ လုယက်ရမ်းကားတာ၊ ညှင်းပမ်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ လုပ်ဆောင်တယ်ဆိုတဲ့ သတင်းတွေလည်း အမြောက်အများ ထွက်ပေါ်လာပါတယ်။
“မြန်မာစစ်အာဏာရှင်ဟာ အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို သတ်ဖြတ်မှု၊ ညှမ်းပမ်းနှိပ်စက်မှု၊ မြင်မြင်ရာဖမ်းဆီးမှုတွေနဲ့ တုန့်ပြန်ပါတယ်။ ပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲရလဒ်၊ ပြည်သူ့ဆန္ဒနဲ့တက်လာတဲ့ အစိုးရကို လေးစားဖို့သာ အလိုရှိကြတာပါ။ ပြည်သူတွေအပေါ် ဒီလို တိုက်ခိုက်ကျူးလွန်မှုတွေဟာ Crimes Against Humanity မြောက်နေပြီး တာဝန်ရှိသူတွေက ဒီအတွက် တာဝန်ခံရပါလိမ့်မယ်” လို့ HRW ရဲ့ အာရှဆိုင်ရာ ဒါရိုက်တာ ဘရဒ်အဒမ်က ပြောပါတယ်။
မြန်မာစစ်တပ်ဟာ အရင်ကလည်း နိုင်ငံတစ်ဝှမ်းက တိုင်းရင်းသားလူမျိုးစုဒေသတွေမှာ စစ်ရာဇဝတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲမှုကို ခံခဲ့ရပါတယ်။ စစ်တပ်ကတော့ ဒါတွေကို ငြင်းပါတယ်။
နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့ ရောမကြေငြာစာတမ်းမှာ Crimes Against Humanity ကို အရပ်သားပြည်သူလုထုအပေါ် တမင်ပစ်မှတ်ထားပြီး စနစ်တကျကျူးလွန်တဲ့ ရာဇဝတ်မှုလို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို စစ်ကောင်စီတပ်တွေက စနစ်တကျပစ်မှတ်ထားပြီး ရာဇဝတ်မှုတွေ အကြီးအကျယ်ကျူးလွန်နေတယ်လို့ HRW က ထည့်သွင်းပြောကြားခဲ့ပြီး ဒါဟာ စစ်သားနဲ့ ရဲတွေ တစ်ဦးချင်းတစ်ယောက်ချင်း စည်းကမ်းဖောက်တာမျိုးမဟုတ်ဘဲ စစ်ကောင်စီရဲ့ မူဝါဒကိုက ဒီလို ကျူးလွန်ဖို့ ရည်ရွယ်လုပ်ဆောင်တယ်ဆိုတာ ထင်ရှားနေတယ်လို့လည်း ဆိုပါတယ်။
Ref: HRW
Comments