ဩဂုတ် ၂၊ ၂၀၂၁
M-Media
-စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာ့အရေးအတွက် အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရေး၊ မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေး စတာတွေအတွက် အာဆီယံနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့မှာ ဆွေးနွေးခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုမှာ ထိထိရောက်ရောက် မဖြေရှင်းနိုင်မှုအတွက် အာဆီယံဟာ ဝေဖန်မှုတွေခံနေရတာပါ။ ဧပြီလမှာ မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး အချက် ၆ ချက်ကို သဘောတူညီခဲ့ပေမယ့် တိုးတက်မှု မရှိပါဘူး။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အဖွဲ့ဝင်နိုင်ငံတွေ အဆိုပြုထားတဲ့ လူ ၃ ဦးထဲက တစ်ဦးကို အမြန်ဆုံး အတည်ပြုရေး စစ်ကောင်စီကို ဒီကနေ့အစည်းအဝေးမှာ တိုက်တွန်းခဲ့ပါတယ်။ ဒီရာထူးအတွက် လက်ရှိမှာ လူ ၃ ဦးကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက အဆိုပြုထားတာပါ။
အဲဒီသူတွေကတော့ ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ သံတမန်ဟောင်း ဗီရာဆက်ဒီ ဖူထရက်ဖူလ်၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဟာဆန် ဝီရာဂျူဒါ၊ ၂၀၀၀ ပြည့်နှစ်တွေက မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မလေးရှားက ရာဇာလီ အစ္စမာအီလ်တို့ ဖြစ်ပါတယ်။
လက်ရှိမှာ ဗီရာဆက်ဒီ ဖူထရက်ဖူလ်က အထူးကိုယ်စားလှယ်ဖြစ်ဖို့ အခွင့်အလမ်းပိုများနေပေမယ့် အင်ဒိုနီးရှားက ဗီရာဆက်ဒီကို ကန့်ကွက်ထားပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗီရာဆက်ဒီကို ပိုမိုလိုလားကြောင်း ဩဂုတ်လ ၁ ရက်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ကို မေလအလယ်ပိုင်းမှာ နောက်ဆုံးထားခန့်အပ်ဖို့အတွက် သတ်မှတ်ထားပေမယ့် မခန့်နိုင်ခဲ့ပါဘူး။ အမည်မဖော်လိုတဲ့ အာဆီယံ သံတမန်တစ်ဦးက အဖွဲ့ကခန့်ထားတဲ့ အထူးကိုယ်စားလှယ်ကို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်က လက်ခံမလား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးမလားဆိုတဲ့ ကိစ္စတွေက မသေချာသေးဘူးလို့ AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒီနေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ကိုဗစ် တတိယလှိုင်းဒဏ် ခံစားနေရတဲ့ မြန်မာနိုင်ငံကို အကူအညီပေးရေးကိစ္စလည်း ဆွေးနွေးခဲ့ပါတယ်။ အဖွဲ့ရဲ့ သဘာ၀ဘေး တုန့်ပြန်ရေးအဖွဲ့ကနေ ဆေးဝါးတွေနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ မြန်မာနိုင်ငံကို ပေးပို့ကူညီဖို့ အာဆီယံအဖွဲ့က စီစဉ်ထားတာပါ။
ဝါရှင်တန်အခြေစိုက် နိုင်ငံရေးသုတေသနအဖွဲ့ဖြစ်တဲ့ Center for Strategic and International Studies က အရှေ့တောင်အာရှရေးရာ လေ့လာသူ ဂရက်ဂျ်ပိုလင်က မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးပို့ခွင့်ရရေးဟာ အာဆီယံအတွက် အရေးပါပေမယ့် ဒါကို အခြေခံပြီး အာဆီယံရဲ့ နိုင်ငံရေးတောင်းဆိုမှုတွေကို စစ်ခေါင်းဆောင်တွေက လက်ခံဖို့ အနေအထားမရှိဘူးလို့ သုံးသပ်ပါတယ်။
“စစ်အာဏာရှင်အပေါ်မှာ အာဆီယံက ဘာလွှမ်းမိုးမှုမှ မရှိပါဘူး”
Ref: AP
Comments